Feel စားသောက်ဆိုင်အနီးတွင် ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်သားများတိုက်ခိုက်ခံရ ၇ ဦးထက်မနည်းသေဆုံး

By YT မဇ္ဈိမ
04 March 2023
Feel စားသောက်ဆိုင်အနီးတွင် ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်သားများတိုက်ခိုက်ခံရ ၇ ဦးထက်မနည်းသေဆုံး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဒေါင်းတောင်ရာဘာခြံထောင့် ၊ ရန်ကုန်- မော်လမြိုင် ကားလမ်းပေါ်ရှိ Feel စားသောက်ဆိုင် အနိီးတွင် ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်သားများအား KNLA ပါဝင်သော ပူးပေါင်းတပ်ဖွဲ့မှ ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ခုနစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။ 

ယမန်နေ့ မတ်လ ၃ ရက်နေ့ နံန့က် ၅ နာရီခန့်တွင် ကြိုတင်သတင်းရရှိထားမှုကြောင့် စစ်ကောင်စီတပ်သားများ ကင်းပုန်းဝပ်ရန်လာသော ဒေါင်းတောင်ရာဘာခြံအနီးနေရာကို KNLA ပါဝင်သော ပူးပေါင်းတပ်ဖွဲ့မှ သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်ဦးမှုရှိ၍ ရန်သူ့ဘက်က အထိအခိုက်အကျအဆုံး များခဲ့သည်။ 

ပစ်ခတ်နေစဉ်အတွင်း မုပ္ပလင်ကျေးရွာတွင် အထိုင်ချနေသော စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ တစ်ဦး ၄၀ မမ လက်နက်ကြီးကျည် ထိမှန်၍ မစိုးရိမ်ရ ဒဏ်ရာရခဲ့ကြောင်း သိရသည်။ 

" ကျွန်တော်တို့က သတင်းကြိုရထားလို့ သူတို့ထက်အရင် ကင်းစောင့်ပြီးပစ်တာ။ ကျွန်တော်တို့က အသာစီးရသွားတဲ့သဘောပေါ့ဗျာ။"ပစ်ရတဲ့နေရာကနေ အနီးကပ်လိုဖြစ်နေတော့ ရန်သူဘက်က အကျအဆုံးများတယ်။ ကျွန်တော်တို့ဘက်က တစ်ယောက်ကတော့ ၄၀ မမ ကျည်စမှန်ထားတယ်။ ဒဏ်ရာအသေးပါပဲ" ဟု ပူးပေါင်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။ 

စစ်ကောင်စီတပ်ဘက်မှ ၁၃ ဦးခန့် ကင်းပုန်းဝပ်ရန်လာပြီး စစ်သား ခုနစ်ဦး ပွဲချင်းပြီး သေဆုံးကြောင်း၊ အပြင်းအထန်ဒဏ်ရာရသူ စစ်ကောင်စီတပ်သားနှစ်ဦး ကျိုက်ထိုဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေကြောင်း အခြေအနေစိုးရိမ်ရကြောင်း ခိုင်မာသော သတင်းအရင်းအမြစ်ထံမှ သိရသည်ဟု ထိုတာဝန်ရှိသူက ပြောသည်။ 

တိုက်ခိုက်မှုအပြီးတွင် မုပ္ပလင်နှင့် လက်ပံပင်လမ်းခွဲ စသည့်နေရာများတွင် အထိုင်ချထားသော စစ်ကောင်စီတပ်သားများမှ စစ်ကူလာခဲ့သဖြင့် ပူးပေါင်းတပ်ဖွဲ့မှ အချိန်မီ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ 

ဒါ့အပြင် စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် နီးစပ်ရာနေရာများသို့ ပစ်ခတ်မှုကြောင့် ရာဘာခြံများအတွင်း ကျရောက်ကာ ပေါက်ကွဲခဲ့ပြီး မပေါက်ကွဲခဲ့သော ၄၀ မမ ကျည်တစ်လုံး ရရှိခဲ့ကြောင်း သိရသည်။ 

KNUတပ်မဟာ (၁) တပ်ရင်း (၃) နယ်မြေဖြစ်သော ကျိုက်ထိုမြို့နယ်တွင် မကြာခဏ တိုက်ပွဲဖြစ်ပွားမှုများကြောင့် စစ်ကောင်စီတပ်သားများ အထိနာနေသဖြင့် တပ်မဟာ (၁) တပ်ရင်း (၃) နယ်မြေအား စစ်ကြောင်းထိုးရန် စစ်ကောင်စီမှ ပြင်ဆင်နေလျက်ရှိကြောင်း သိရသည်။ 

စာတည်း- သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly