ကမ္ဘာတစ်ဝန်းရှိ တရုတ်၏ တရားမဝင်ငါးဖမ်းမှုများ စောင့်ကြည့်ခံနေရ

By ANI 
03 March 2023
ကမ္ဘာတစ်ဝန်းရှိ တရုတ်၏ တရားမဝင်ငါးဖမ်းမှုများ စောင့်ကြည့်ခံနေရ

တရုတ်နိုင်ငံသည် တရားမဝင်၊ အစီရင်ခံထားခြင်းမရှိသော စည်းကမ်းမဲ့ ငါးဖမ်းခြင်း (IUU) အဆင့်သတ်မှတ်ချက်များအရ ကမ္ဘာတွင် နံပါတ် ၁ ဖြစ်နေသည်။

တရုတ်သင်္ဘောများ၏ ၆၀ ရာခိုင်နှုန်းကျော်သည် ကမ္ဘာတစ်ဝန်းရှိ IUU ပုံစံဖြင့်ငါးဖမ်းမှုမျိုးတွင် ပါဝင်နေကြောင်း ၂၀၂၁ ခုနှစ် IUU အဆင့်သတ်မှတ်ချက် အစီရင်ခံစာတွင် ဖော်ပြထားသည်ဟု စုံစမ်းစစ်ဆေးမှုသတင်းဝက်ဘ်ဆိုက် Reportika (IJK) က ဖော်ပြသည်။

အမေရိကန်လေပိုင်နက်တွင် တရုတ်သူလျှိုမိုးပျံပူဖောင်း ကျူးကျော်ဝင်ရောက်သည့်ဖြစ်ရပ်ကဲ့သို့ပင် တရုတ်၏ တရားမဝင်ငါးဖမ်းမှုကို ကမ္ဘာတစ်ဝန်းတွင် စောင့်ကြည့်နေသည်။ တရုတ်ငါးဖမ်းရေယာဉ်များသည် သူလျှိုလုပ်ခြင်းမှသည် အရပ်သားပြည်သူ့စစ်ပုံစံမျိုးအထိ လုပ်ဆောင်ကြကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

တရုတ်ကမ်းဝေးငါးဖမ်းသင်္ဘော (DWF) အုပ်စုသည် သမုဒ္ဒရာတိုင်းတွင် ရောက်ရှိနေသည်။ အဆိုပါသင်္ဘောများသည် သက်ဆိုင်ရာနိုင်ငံများ၏ ပြည်တွင်းဥပဒေများနှင့် ကုလသမဂ္ဂပင်လယ်ပြင်ဥပဒေဆိုင်ရာ သဘောတူစာချုပ်(UNCLOS) တို့ကို မကြာခဏ ဖောက်ဖျက်ကျူးလွန်ကြောင်းလည်း တွေ့ရှိရသည်။

တရုတ်ကမ်းဝေးငါးဖမ်းသင်္ဘောများသည် မျိုးတုံးလုနီးပါးမျိုးစိတ်များကို ပစ်မှတ်ထားဖမ်းဆီးခြင်း၊ လိုင်စင်နှင့် စာရွက်စာတမ်းအတုပြုလုပ်ခြင်း၊ သူလျှိုလုပ် ကင်းထောက်ခြင်း၊ နယ်မြေများကို သိမ်းယူခြင်း၊ ပင်လယ်အတွင်းသို့ စွန့်ပစ်ပစ္စည်းအများအပြားကို ပစ်ချခြင်းနှင့် အခြားနိုင်ငံများ၏ သီးသန့်စီးပွားရေးဇုန်(EEZ)များကို ကျူးကျော်ခြင်းများလည်း ပြုလုပ်ကြောင်း IJK က ဖော်ပြသည်။

တရုတ်သည် ကမ္ဘာတွင် ငါးပုစွန်ထုတ်ကုန်များ အများဆုံးထုတ်လုပ်သည့်နိုင်ငံလည်းဖြစ်သည်။

တရုတ်က နှစ်စဉ် ကမ္ဘာ့ငါးထုတ်လုပ်မှု စုစုပေါင်း၏ ၃၆ ရာခိုင်နှုန်းခန့်ကို စားသုံးနေပြီး နှစ်စဉ် ရေသတ္တဝါတန်ချိန် ၁၅ ဒသမ ၂ သန်းဖမ်းဆီးကာ ကမ္ဘာ့ဖမ်းဆီးမှု၏ ၂၀ ရာခိုင်နှုန်း ရှိသည်ဟု ကုလသမဂ္ဂက ပြောသည်။

တရုတ်သည် ၂၀၂၀ ခုနှစ်၌ ပင်လယ်ရေကြောင်းရင်းမြစ်များကို ဖမ်းယူထုတ်လုပ်သည့် ကမ္ဘာ့ထိပ်တန်း ၁၀ နိုင်ငံစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်နေကြောင်း စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) က ဖော်ပြသည်။

ထို့ပြင် တရုတ်သည် ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း အခြားနိုင်ငံပေါင်း ၈၀ ကျော်၏ သီးသန့်စီးပွားရေးဇုန်များ (EEZs) များတွင် နာရီပေါင်း ၃ သန်းကျော် ငါးဖမ်းခဲ့ပြီး ၎င်း၏ သီးသန့်စီးပွားရေးဇုန်အပြင် အခြားနိုင်ငံများ၏ သီးသန့်စီးပွားရေးဇုန်များတွင်လည်း နာရီပေါင်း ၁၀ သန်းနီးပါး ခုတ်မောင်းခဲ့ကြောင်း IJK က ဖော်ပြခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly