တရုတ်တွင် အိမ်ထောင်မရှိသူ သန်း ၄၀၀ နီးပါးရှိလာ

By ANI 
03 March 2023
တရုတ်တွင် အိမ်ထောင်မရှိသူ သန်း ၄၀၀ နီးပါးရှိလာ

တရုတ်တွင် အိမ်ထောင်ပြုမှုနှုန်းကျဆင်းပြီး ကွာရှင်းမှုနှုန်းများ မြင့်တက်လာမှုနှင့်အတူ လူငယ်များသည် တစ်ကိုယ်တည်းသမားဘဝကို ရွေးချယ်လာကြသည်။

တရုတ်တစ်နိုင်ငံလုံးတွင် အသက် ၃၀ ကျော်အထိ လက်မထပ်ရသေးသော လူငယ်များ အများအပြားရှိနေသည်။

မြို့ကြီးများတွင် လူငယ်အများအပြားသည် တစ်ကိုယ်ရေတစ်ကာယဘဝကို ရွေးချယ်လာကြပြီး ကျေးလက်ဒေသရှိ လူငယ်အများစုသည်လည်း အိမ်ထောင်မပြုကြကြောင်း Sina Weibo ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
တရုတ်တွင် လူပျို၊ အပျိုဦးရေသည် သန်း ၄၀ဝ နီးပါး ရှိလာပြီး မကြာသေးမီနှစ်များအတွင်း ထိမ်းမြားလက်ထပ်မှုနှုန်းမှာ  ဆက်လက် ကျဆင်းနေသည်။

တရုတ်လူဦးရေသည် ၂၀၂၂ ခုနှစ်တွင် နှစ်ပေါင်း ၆၀ ကျော်အတွင်း ပထမဆုံးအကြိမ် ကျဆင်းခဲ့ပြီး နိုင်ငံအတွက်  ဆိုးရွားသော လူဦးရေဆိုင်ရာ အကျပ်အတည်းတစ်ခုဖြစ်လာကာ နှေးကွေးနေသောစီးပွားရေးအပေါ် သိသိသာသာ ဂယက်ရိုက်မှုများ ရှိလာသည်ဟု CNN Business က ဖော်ပြခဲ့သည်။

အသက် ၃၀ နှစ်ကျော်အထိ လက်မထပ်သေးခြင်းသည် လူငယ်အမျိုးသား၊ အမျိုးသမီးများအကြားတွင် ထုံးစံလို ဖြစ်လာကြောင်း ဇန်နဝါရီလနှောင်းပိုင်းတွင် စစ်တမ်းကောက်ယူခဲ့သော အချက်အလက်များက ဖော်ပြနေသည်။
ဝူဟန်တက္ကသိုလ်က ပြည်နယ်အဆင့် အုပ်ချုပ်ရေးဒေသ ၃၄ ခုရှိ မြို့/ကောင်တီ/ခရိုင် ၄၂၅ ခုတွင် ယင်းစစ်တမ်းကို ကောက်ယူခဲ့သည်။

အဆိုပါစစ်တမ်းက မျက်မှောက်ခေတ်လူ့အဖွဲ့အစည်း၏ ထိတ်လန့်ဖွယ်ဖြစ်ရပ်မှန်အချို့ကို ဖော်ပြခဲ့ပြီး မြို့ပြနှင့် ကျေးလက်အကြားတွင် သိသိသာသာ ကွာခြားချက်များရှိနေသည်။

မြို့ပြအသိုင်းအဝိုင်းတွင် ငယ်ရွယ်သော အမျိုးသား၊ အမျိုးသမီးများ အိမ်ထောင်ပြုနောက်ကျခြင်းသည် ပုံမှန်ဖြစ် လာသလို ကျေးလက်လူ့အဖွဲ့အစည်းတွင် လူငယ်များသည် တစ်သက်တာလုံး လူပျိုကြီး ဘဝဖြင့် နေထိုင်သွား လေ့ရှိသည်ဟု Sina Weibo က ဖော်ပြသည်။

မြို့ကြီးများတွင် လူလတ်ပိုင်းအမျိုးသား အမျိုးသမီးအများအပြားသည် တစ်ကိုယ်တည်းဘဝဖြင့် ဖြတ်သန်းသည့်ဘဝကို ရွေးချယ်လာကြကြောင်း အချက်အလက်ဆန်းစစ်မှုရလာဒ်များက ပြသနေသည်။

မြို့ပြနှင့် ကျေးလက်လူ့အဖွဲ့အစည်းများတွင် တစ်ကိုယ်တည်းနေထိုင်ခြင်းသည် ကောင်းမွန်သော ဘဝတစ်ခု ဖြစ်သည်ဟူသော ခံယူချက်က ခေတ်စားနေသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly