ကြံခင်းမြို့နယ်တွင် "နိုးထလာပြီ ဧရာဝတီ၊ ဖက်ဆစ်တပ်ကို အမြစ်ဖြတ်မည်" စာတန်းကိုင်စွဲ ဆန္ဒပြ 

By မင်းထက် (မဇ္စျိမ)
03 March 2023
ကြံခင်းမြို့နယ်တွင် "နိုးထလာပြီ ဧရာဝတီ၊ ဖက်ဆစ်တပ်ကို အမြစ်ဖြတ်မည်" စာတန်းကိုင်စွဲ ဆန္ဒပြ 

ဧရာဝတီတိုင်း ၊ကြံခင်းမြို့နယ်တွင် ယနေ့ မတ်လ ၃ ရက်နေ့ နံနက်ပိုင်းအချိန်က စကြဝတေးမင်းကြီး သပိတ်ကောင်မတီအဖွဲ့ ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ် ရှားမှုတစ်ခုပြုလုပ်ခဲ့သည်ဟု သိရသည်။ 

စကြဝတေးမင်းကြီး သပိတ်ကောင်မတီအဖွဲ့ဝင်အချို့က "နိုးထလာပြီ ဧရာဝတီ ဖက်ဆစ်တပ်ကို အမြစ်ဖြတ်မည်" စာသားပါ ဘန်နာ(ဗီနိုင်း)အား ကိုင်စွဲကာ ကြံခင်းမြို့ပေါ်တစ်နေရာ၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟုပြောသည်။ 

"ကျွန်တော်တို့ စကြဝတေးမင်းကြီး သပိတ်အဖွဲ့က ဧရာဝတီပြည်သူတွေကိုယ်စား ဆန္ဒထုတ်ဖော်နေတဲ့အဖွဲ့ပါ။ နောက်ထပ်လည်း သပိတ်တွေ ထပ်လုပ်သွားဖို့ရှိပါတယ်။ စစ်အာဏာရှင် ပြုတ်ကျတဲ့အထိ ရတဲ့နည်းနဲ့ တော်လှန်နေမှာပါ"ဟု စကြဝတေးမင်းကြီး သပိတ်ကော်မတီမှ တာဝန်ရှိသူ ရဲဘော်ကျောက်ခဲက ပြောသည်။ 

စကြဝတေးမင်းကြီး သပိတ်အဖွဲ့သည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ စတင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်များ စတင်ပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး ယနေ့ ဆန္ဒထုတ်ဖော်မှုသည် စကြဝတေးမင်းကြီး သပိတ်အဖွဲ့၏ ကိုးကြိမ်မြောက် ဆန္ဒထုတ်ဖော်မှုဖြစ်သည်ဟု သိရသည်။ 

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မနက် ၆ နာရီခန့်အချိန်က ကြံခင်းမြို့နယ်၊ ပုသိမ်-မုံရွာလမ်းမကြီးပေါ်တွင် စကြဝတေးမင်းကြီး သပိတ်အဖွဲ့က ပြုလုပ်ထားသည့် လူမဲ့သပိတ်တစ်ခုအား စရဖ တပ်ဖွဲ့ဝင် ကိုကျော်ဇင်ဝင်းဆိုသူမှ ဖြုတ်သိမ်းရန်လာစဥ် မြို့ရှောင်လမ်း၌ ရပ်ထားသည့် ၁၀ ဘီးကားကို ဝင်တိုက်ကာ သေဆုံးခဲ့သေးသည်။ 

စာတည်း - သန့်ဇော်(သန်လျင်) 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly