ဘုတလင်မြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ကင်းဂိတ်ကို  တိုက်ခိုက်ရာ ၃ဦးသေ၊  သေနတ် ၂လက် သိမ်းဆည်းရရှိဟုဆို 

By ကိုခင်မောင် (မဇ္ဈိမ)
03 March 2023
ဘုတလင်မြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ကင်းဂိတ်ကို  တိုက်ခိုက်ရာ ၃ဦးသေ၊  သေနတ် ၂လက် သိမ်းဆည်းရရှိဟုဆို 

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ရှိ စစ်ကောင်စီတပ်ဖွဲ့၏ ကင်းဂိတ်တစ်ခုကို  ပြောက်ကျားစစ်ဆင်ရေးအဖြစ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး သေနတ် နှစ်လက်နှင့် ကျည်ဆန်အချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း Depeyin Mobile Local Teamက ယမန်နေ့က သတင်းထုတ်ပြန်ထားသည်။ 

ယမန်နေ့ မတ်လ ၂ရက် နံနက် ၅နာရီဝန်းကျင်တွင် ဘုတလင်မြို့အထွက် ၊ မုံရွာ- ရေဦးကားလမ်းပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့၏ ကင်းစခန်းဂိတ်တွင် ကင်းစောင့်ရန်လာသော စစ်ကောင်စီတပ်သားသုံးဦးကို ယင်းကင်းဂိတ်အနီး၌ အသင့်စောင့်ကြိုကာ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ 

“ကျတော်တို့က မတ်လ ၁ရက်နေ့ ညဦးပိုင်းကတည်းက မြို့ထဲမှာ  နေရာယူပြီးတော့ ပွဲဖြစ်သွားတာက မတ်လ ၂ မနက်ပိုင်း ၅နာရီဝန်းကျင်မှာ ပွဲဖြစ်သွားတာဗျ။ သူတို့သုံးယောက်က အိမ်စီးကားနဲ့ထွက်လာပြီးတော့ ကင်းစခန်းအနီးမှာ ကျတော်တို့အသင့်စောင့်တယ်။ ကျတော်တို့ ကင်းပုန်းဝပ်ပြီးစောင့်တဲ့နေရာ ရှေ့တည့်တည့်မှာ ရပ်တယ်။ ကားပေါ်ကနေအဆင်းမှာ ကျတော်တို့က တစ်ခါထဲပစ်ခတ်ဖြေရှင်းပြီးတော့ လက်နက်တွေကိုကောက်ယူပြီးပြန်ဆုတ်ခဲ့တာဗျ။ သူတို့က သုံးကောင်မှာ သေနတ်က နှစ်လက်ပဲပါတာဗျ။ စခ(စစ်ကောင်စီတပ်ဖွဲ့ဝင်)သုံးကောင်လုံးက  အဲ့မှာတင်သေသွားပါတယ်” ဟု Depeyin Mobile Local Teamမှ  စစ်ရေးတာဝန်ခံ ဗိုလ်ကောင်းကင်က မဇ္ဈိမသို့ပြောသည်။ 

ယင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားများ ကိုင်ဆောင်သည့် MA4 တစ်လက် ၊MA 11 တစ်လက် ၊၄၀-မမ အသီး ၁၅ လုံး၊ MA11 ကျည်ဘောက်‌ လေးခု၊ လက်ပစ်ဗုံးနှစ်လုံး၊ 5.56 ကျည် ၁၀၅ တောင့်တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း Depeyin Mobile Local Teamက ပုံနှင့်တကွ ထုတ်ပြန်ထားသည်။ 

အဆိုပါ ကင်းစခန်းဂိတ်ရှိ စစ်ကောင်စီတပ်ဖွဲ့သည် ဒေသခံပြည်သူများအား အတင်းအဓမ္မဆက်ကြေးကောက်ခံနေပြီး ဒေသခံတောင်သူများထံမှ ပဲဆီများကိုပါ သိမ်းယူခြင်းများ ပြုလုပ်လေ့ရှိသည်ဟုလည်း ဗိုလ်ကောင်းကင်က ဆက်ပြောသည်။ 

ထိုတိုက်ခိုက်မှုကို Depeyin Local Mobile Team နှင့်အတူ  ကြေးမုံတပ်ရင်း တပ်ခွဲ(၃) ၊ တပ်ရင်း(၁၂) ရွှေဘိုခရိုင်တို့က ပူးပေါင်း၍ ပြောက်ကျားစစ်ဆင်ရေးအဖြစ် ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

Depeyin Local Mobile Team၏ ထုတ်ပြန်ချက်တွင် ယခုစစ်ဆင်မှုသည် ဆပ်ပြာကျင်းတူမီး တိုက်ပွဲတွင်  ကျဆုံးခဲ့ရသော အာဇာနည်ရဲဘော်များ၏  တစ်နှစ်နှင့် ရှစ်လပြည့် ကြေကွဲဝမ်းနည်းဖွယ် အမှတ်တရနေ့အတွက် သူရဲ‌ကောင်းတို့အမှတ်တရ အထူးစစ်ဆင်ရေး ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။ 

ဒီပဲယင်းမြို့နယ်၊ ဆပ်ပြာကျင်းရွာတိုက်ပွဲသည်  ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊ ဇူလိုင် ၂ ရက်‌နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒေသခံပြည်သူ့ကာကွယ်ရေး ရဲဘော် ၂၆ ဦး ကျဆုံးခဲ့သည်ဟု Depeyin Local Mobile Team ထံမှ သိရသည်။ 

စစ်မှန်သော တော်လှန်ရေးသမားတို့လက်၌ လက်နက်ခဲယမ်းသည် အဓိကလိုအပ်ချက်ဖြစ်သည့်အတွက် လက်နက်ခဲယမ်း အင်အားရှိမှ အောင်မြင်သော စစ်ဆင်ရေးများ ဆင်နွှဲသွားနိုင်မည်ဖြစ်ပြီး ပြည်သူ့ ထောက်ပံ့ကူညီမှုအားသည်လည်း စစ်ဆင်ရေးအတွက် အဓိကဖြစ်သည်ဟု ယင်းအဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်သုခက ပြောသည်။ 

စာတည်း။    ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required