မော်လမြိုင်တွင် နေအိမ်(၄)လုံးမီးလောင်ပြီး မြေးအဘိုးနှစ်ဦး မီးလောင်သေဆုံး

By ဂျူချန်း
01 March 2023
မော်လမြိုင်တွင် နေအိမ်(၄)လုံးမီးလောင်ပြီး မြေးအဘိုးနှစ်ဦး မီးလောင်သေဆုံး

မဇ္ဈိမ ။။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်တွင်  နေအိမ် လေးလုံး မီးလောင်ခဲ့ပြီး အိမ်တအိမ်ထဲတွင် ပိတ်မိသွားသည့် မြေးအဘိုးနှစ်ဦး မီးလောင် သေဆုံးခဲ့ရကြောင်း သိရသည်။

မော်လမြိုင်မြို့၊လှိုင်ရပ်ကွက်၊ဘဲကုန်းဈေးအနောက်ဘက်မှ နေအိမ်လုံးသည် ယနေ့ မတ်လ ၁ရက်နေ့ နေ့ခင်း ၂နာရီ မိနစ် ၄၀ အချိန်ခန့်တွင် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

အဆိုပါမီးလောင်မှုတွင် လေဖြတ်နေသည့် အသက် ၈၀ အရွယ် အဘိုးဖြစ်သူနှင့် အသက် လေးနှစ်အရွယ် မြေးဖြစ်သူတို့ မီးလောင်သေဆုံးခဲ့ရကာ နေအိမ်လေးလုံး မီးလောင်ပျက်ဆီးခဲ့ရကြောင်း လူမှုကယ်ဆယ်ရေးအသင်းနှင့် ဒေသခံများမှ သိရသည်။

“အသက် ၈၀အရွယ်အဖိုးနဲ့ လေးနှစ်အရွယ် မြေးယောကျ်ားလေးတစ်ယောက်ဆုံးသွားတယ်။ အဘိုးကလေဖြတ်ထားတယ်။ ကျနော့စိတ်ထင် မီးက တချက်တည်းတောက်လာတော့ ပြေးလို့မလွတ်တော့လို့ ကလေးကြောက်မှာစိုးလို့ ဖက်ထားတာလားမသိဘူး။ ကလေးကိုဖက်လျက်ကြီးဖြစ်နေတယ်"ဟု ရာမည အရေးပေါ်ကယ်ဆယ်ရေးအသင်းမှ အဖွဲ့ဝင်တဦးက ပြောသည်။

အဆိုပါ မီးလောင်မှုသည်ဝါယာရှော့ကြောင့်ဟု ကနဦးသတင်းထွက်‌နေပြီး မီးသတ်ဌာနက အသေးစိတ်  စစ်ဆေးနေဆဲဖြစ်ကြောင်းသိရသည်။ မီးစတင်လောင်ကျွမ်းသည့်နေအိမ်မှ အိမ်ပိုင်ရှင်လည်း ထွက်ပြေးတိမ်းရှောင်နေကြောင်း ဒေသခံများက ယနေ့ညနေ ပြောသည်။

မီးလောင်သည့်နေအိမ်များကို မီးသတ်တပ်ဖွဲ့များ၊ ဒေသခံပရဟိတအသင်းများနှင့် ပတ်ဝန်းကျင်ရှိပြည်သူများက ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ကြရာ မိနစ်၂၀ခန့်အကြာတွင် ငြှိမ်းသတ်နိုင်ခဲ့သည်။  မီးလောင်သေဆုံးခဲ့ရသည့် မြေးအဘိုးရုပ်အလောင်းအား မော်လမြိုင်ဆေးရုံကြီးရင်ခွဲရုံမှတဆင့်သုဿာန်သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required