ဒီမော့ဆိုမြို့နယ်တွင် စစ်ရှောင်မိသားစုများ စားနပ်ရိက္ခာအတွက် တစ်နိုင်တပိုင်စိုက်ပျိုး

ဒီမော့ဆိုမြို့နယ်တွင် စစ်ရှောင်မိသားစုများ စားနပ်ရိက္ခာအတွက် တစ်နိုင်တပိုင်စိုက်ပျိုး

မဇ္ဈိမ။ ။ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်း စစ်ရှောင်နေရသည့် မိသာစုများက စားနပ်ရိက္ခာ အတွက် တစ်နိုင်တပိုင် စိုက်ပျိုးမှုများဆောင်ရွက်နေကြောင်း ဒီးမော့ဆိုမြို့နယ်အတွင်းရှိ စစ်ရှောင်ပြည် သူများကို အကူအညီပေးနေသည့် ကျေးလက်မြေအဖွဲ့မှ နာယကဖြစ်သူ ဦးဇော်မင်းထိုက်က ပြောသည်။

“ဧကဝက်ရှိတဲ့သူက ဧကဝက်စိုက်တယ်၊ တစ်ဧကရှိတဲ့သူက တစ်ဧကစိုက်တယ်။ မျိုးစေ့တွေကတော့ နီးစပ်ရာဆွေမျိုးအသိုင်းအဝိုင်းက ရတာမျိုးရှိသလို ပိုက်ဆံနဲ့ ဝယ်စိုက်ကြတာတွေလည်းရှိတယ်” ဟု ၎င်း က ပြောသည်။

စိုက်ပျိုးရာတွင် စပါး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ မြေပဲ၊ ခရမ်းချဉ်နှင့် ဖရဲကို အဓိက ထားစိုက်ပျိုးကြပြီး စစ်ကောင်စီတပ်ဖွဲ့က ဒုက္ခပေးနေသော်လည်း ဝမ်းရေးအတွက် မဖြစ်နေစိုက်ပျိုးရခြင်းဖြစ်ကြောင်း စစ်ရှောင်တစ်ဦးက ပြောသည်။

“အလုပ်မလုပ်ဘဲနေလို့ရပေမယ့် မစားလို့ကမရဘူးလေ။ အချိန်တန်ရင်ဗိုက်ဆာတယ် ဒါကြောင့် သေနတ် သံတွေကိုမကြောက်ဘဲ အာဟာရနဲ့ အစားအသောက်မပြတ်ဖို့ စိုက်ပျိုးရတာ” ဟု ၎င်းကပြောသည်။

လက်ရှိအချိန်တွင် ကရင်နီပြည်နယ်၌ စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများ မကြာခ‌ဏဖြစ်ပွားနေသည့်အတွက် တပြည်နယ်လုံးအတိုင်းအတာဖြင့် စစ်ရှောင်ဦးရေမှာ ၂၀၀,၀၀၀ ကျော်ရှိနေပြီဖြစ်သည်ဟု ကျေးလက်မြေအဖွဲ့၏ စစ်ရှောင်များကို ကူညီကယ်ဆယ်ပေးသည့် စာရင်းများအရ သိရသည်။

စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required