ရခိုင်တွင် ပြည်နယ်လုံးကျွတ် ရွေးကောက်ပွဲကျင်းပနိုင်ရေးဆောင်ရွက်ရမည်ဟု စစ်ကောင်စီခေါင်းဆောင် ပြော

ရခိုင်တွင် ပြည်နယ်လုံးကျွတ် ရွေးကောက်ပွဲကျင်းပနိုင်ရေးဆောင်ရွက်ရမည်ဟု စစ်ကောင်စီခေါင်းဆောင် ပြော

မဇ္စျိမ။ ။ရခိုင်တွင် ပြည်နယ်လုံးကျွတ်ရွေးကောက်ပွဲကျင်းပနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း အာဏာ သိမ်းစစ်ကောင်စီဉက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ပြုလုပ်သော ပြည်နယ်အတွင်းမှ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံရာတွင် ပြောသည်။

စစ်ကောင်စီအနေဖြင့် ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေပြီး ရွေးကောက်ပွဲ ကျင်းပချိန်တွင် ရခိုင်ပြည်နယ်လုံးကျွတ်ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ကြိုးပမ်းရမည်ဖြစ်ကြောင်း စစ်ကောင်စီခေါင်းဆောင်က ပြောဆိုခြင်းဖြစ်သည်။

လက်ရှိ၌ ရခိုင်ပြည်နယ်တွင် တည်ငြိမ်အေးချမ်းနေသည့်သဘောရှိသည့်အတွက် စစ်ကောင်စီဉက္ကဋ္ဌက ပြည်နယ်အနှံ့ ရွေးကောက်ပွဲကျင်းပမည့်ပုံစံမျိုး ပြောဆိုလာခြင်းဖြစ်ကြောင်း ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက သုံးသပ်သည်။

“ဒါက လောလောဆယ် ရခိုင်မှာ ULA/AA နဲ့ မြန်မာစစ်တပ်ကြားမှာ အပစ်အခတ်ရပ်စဲထားတဲ့ အခြေ အနေနဲ့ဆိုင်တယ်။ လောလောဆယ်တည်ငြိမ်နေတယ်ဆိုပေမယ့် ဒီအပစ်အခတ်ရပ်စဲရေးဟာ အချိန် မရွေးပျက်သွားနိုင်တယ်ဆိုပြီး သတင်းစာရှင်းလင်းပွဲမှာ ULA/AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက လည်းပြောထားတယ်။ တိုက်ပွဲတွေပြန်ဖြစ်လာရင်တော့ ရွေးကောက်ပွဲဖြစ်စရာ အကြောင်းမရှိတော့ဘူး ပေါ့။ နဂိုတည်းက ရခိုင်ပြည်သူတွေက ရွေးကောက်ပွဲကို စိတ်မဝင်စားဘူး”ဟု ၎င်းက ပြောသည်။

ရွေးကောက်ပွဲများသည် ရခိုင်ပြည်သူများ၏ ဘဝဖြစ်ပေါ်ပြောင်းလဲမှု၊ တိုးတက်မှုများကို တစ်စုံတစ်ရာ အထောက်အပံ့မဖြစ်ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကလည်း ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

ထို့ပြင် ရခိုင်ပြည်နယ်တွင် တိုက်ပွဲများပြင်းထန်ပြီး ပြည်သူများ ဆက်အဖမ်းခံနေရမည်ဆိုပါက ရွေးကောက်ပွဲ အဆင်ပြေမည် မဟုတ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

စစ်ကောင်စီအနေဖြင့် လာမည့်ဩဂုတ်လအတွင်း ရွေးကောက်ပွဲကျင်းပပေးမည်ဟုပြောဆိုထားသော် လည်း ရွေးကောက်ပွဲကျင်းပမည့် ရက်အတိအကျကိုမူ ပြောဆိုခြင်းမရှိသေးပေ။

လက်ရှိတွင် စစ်ကောင်စီက သာမာန်အခြေအနေမဟုတ်ဟုဆိုကာ အရေးပေါ်ကာလကို သက်တမ်း ထပ် တိုးထားပြီး အဆိုပါကာလကုန်မှ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ထုတ်ပြန်လာနိုင်သကဲ့သို့ အရေးပေါ် ကာလကို ထပ်ပြီးလည်းသက်တမ်းတိုးနိုင်ကြောင်း ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက သုံးသပ်သည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly