ငွေကြေးခဝါချမှုအပါအဝင် အကြမ်းဖက်မှုများနှင့် ဆက်နွယ်သည့် စီးပွားရေးလုပ်ငန်းများကို စောင့်ကြည့်လေ့လာသည့်အဖွဲ့ ဖြစ်သည့် ကမ္ဘာ့ဘဏ္ဍာရေးစောင့်ကြည့်အဖွဲ့ (FATF)က မြန်မာနိုင်ငံကို အမည်ပျက်စာရင်း (Black List) တွင်သာ ဆက်လက်ထားရှိမည်ဖြစ်ကြောင်း ကြေညာထားသည်။
ပြီးခဲ့သည့်ရက်ပိုင်းက ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ကျင်းပသည့် FATF ၏ ဒုတိယအကြိမ် မျက်နှာစုံညီအစည်းအဝေးအပြီး ထုတ်ပြန်လိုက်သည့် ကြေညာချက်တွင် မြန်မာနိုင်ငံကို အမည်မည်းစာရင်းတွင်သာ ဆက်လက်ထားရှိရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် အီရန်နှင့် မြောက်ကိုရီးယား နိုင်ငံများနှင့်အတူ FATF ၏ အမည်မည်းစာရင်းတွင် ဆက်လက်ပါဝင်နေမည်ဖြစ်ပြီး ၎င်းတို့အကြံပြုထားသည့် လုပ်ဆောင်ချက်အစီအစဉ်များကို အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်သင့်ကြောင်းလည်း FATF က တိုက်တွန်းထားသည်။
FATF က သတ်မှတ်ထားသည့် အမည်းရောင်နှင့် မီးခိုးရောင်အဆင့် စာရင်းတွင်ရှိနေသည့် နိုင်ငံများအတွက် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၊ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) နှင့် ဥရောပသမဂ္ဂ (အီးယူ) တို့က ငွေကြေးအကူအညီများ ပေးအပ်မည်မဟုတ်ကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံအား ကမ္ဘာ့ဘဏ္ဍာရေးစောင့်ကြည့်အဖွဲ့ (FATF)မှ အမည်ပျက်စာရင်းထည့်သွင်းထားသော်လည်း “၎င်းအဖွဲ့မှ ချမှတ်ထားသည့် ငွေလွှဲလုပ်ငန်း အဆင့်သတ်မှတ်ချက်များ တိုးမြှင့်ရရှိခဲ့ကြောင်း” စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ပြောဆိုခဲ့ပြန်သည်။
ကမ္ဘာ့ဘဏ္ဍာရေးစောင့်ကြည့်အဖွဲ့ (Financial Action Task Force-FATF) က မြန်မာနိုင်ငံကို အမည်ပျက်စာရင်း ထည့်သွင်းလိုက်ကြောင်း အောက်တိုဘာလ ၂၁ရက် ညပိုင်းက ကြေညာပြီးနောက် ပြည်တွင်းတွင် ကျပ်ငွေတန်ဖိုးများဆက်တိုက်ကျဆင်းနေခြင်း ဖြစ်သည်။
FATF ၏ အမည်ပျက်စာရင်းထဲသို့ မြန်မာနိုင်ငံရောက်ရှိသွားသောကြောင့် နိုင်ငံတကာနှင့် ဆက်သွယ်လုပ်ဆောင်နေသည့် ငွေရေးကြေးရေးစီးဆင်းမှုများအပါအဝင် ကုန်သွယ်ရေးလုပ်ငန်းများ၊ နိုင်ငံတကာတွင် ဖွင့်လှစ်ထားရှိပြီးသော မြန်မာနိုင်ငံသားဘဏ်အကောင့်များမှ ငွေစီးဆင်းမှုများတွင် ယခင်ထက်များပြားသည့် အဆင့်များအား ဖြတ်ကျော်လုပ်ကိုင်ရမည့် အခက်အခဲများ ရှိလာနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်အချို့ကလည်း ထောက်ပြပြောဆိုထားသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)