အာဏာသိမ်းစစ်ခေါင်းဆောင်၏  ရခိုင်ခရီးစဉ်ကို စောင့်ကြည့်နေကြောင်း AA ပြော

By သူသူဇော် (မဇ္ဈိမ)
27 February 2023
အာဏာသိမ်းစစ်ခေါင်းဆောင်၏  ရခိုင်ခရီးစဉ်ကို စောင့်ကြည့်နေကြောင်း AA ပြော

အပစ်ရပ်ကာလတွင် ရခိုင်ပြည်နယ်သို့ လာရောက်လည်ပတ်လျက်ရှိသည့် အာဏာသိမ်း စစ်ခေါင်းဆောင်၏ခရီးစဉ်ကို ရက္ခိုင့်တပ်တော် (ULA/AA) အနေဖြင့် အသေအချာစောင့်ကြည့်နေသည်ဟု ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင်ပြုလုပ်သည့် (၇)ကြိမ်မြောက် (ULA/AA )သတင်းရှင်းလင်းပွဲတွင်  ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောဆိုလိုက်သည်။

ရခိုင်ခရီးစဉ်တွင်  စစ်ခေါင်းဆောင်အနေဖြင့်  မည်ကဲ့သို့ ကတိကဝတ်များပေးပြီး ဆက်လက်လုပ်ဆောင် မည်ကို စောင့်ကြည့်လျက်ရှိသည်ဟု ရက္ခိုင့်တပ်တော် (ULA/AA) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ဆိုသည်။

“ ကျနော်တို့ ပြည်သူတွေ လက်ရှိ ပိတ်ဆို့ကန့်သတ်ခံထားရတာတွေ၊ လက်ရှိဖြစ်နေတဲ့ အကျပ်အတည်း တွေကလွတ်မြောက်ဖို့အတွက် လာရောက်ပြီးတော့လုပ်ဆောင်ပေးတယ်ဆိုရင်တော့ ဒီကိစ္စကကြိုဆိုရ မယ့်ကိစ္စလို ပြောလိုရပါတယ်။ သို့ပေမဲ့ ဒီလိုမဟုတ်ဘဲ သူတို့ နိုင်ငံရေးအရ နိုင်ငံတကာကအကောင်းမြင် လာအောင် ပုံစံမျိုး၊ နောက်တစ်ခုက ရခိုင်ပြည်လုံးဝတည်ငြိမ်းအေးချမ်းနေတဲ့အတွက် သူအနေနဲ့လာ ရောက်ပြီးတော့ အခုလို စီးပွားရေး ရင်းနှီးမြှုပ်နှံမှုပုံစံမျိုးလာရောက်တယ်ဆိုရင်တော့  ဆိုလိုတာကအပြင် ပန်းကနေပြီးတော့ ကြောညာပြသွားပြီး အကောင်အထည်မဖော်တဲ့ အဲဒီလို ကတိကဝတ်မျိုးလုပ်လာ တယ်ဆိုတာက ပြည်သူတွေအတွက် တစ်စုံတစ်ရာ အကျိုးရှိလာမယ့် ကိစ္စမဟုတ်ပါဘူး။ အဲဒါကြောင့် အခု လာရောက်တဲ့ကိစ္စကို ရှေ့ကိုဆက်ပြီးတော့ ဘာဖြစ်လာမယ့်၊ သူဘာပြောပြီးတော့ ဘာဆက်လုပ်သွားမှာ လဲဆိုတာကို ကျနော်တို့ (ULA/AA )အနေနဲ့ သေသေချာချာ စောင့်ကြည့်နေပါတယ်” ဟု ၎င်းက ဆိုသည်။ 

ယင်းအပြင် စစ်ခေါင်းဆောင်ခရီးစဉ်မှာ ပြည်သူများအတွက် တစ်စုံတစ်ရာအကျိုးပြုသည် ကိစ္စဆိုလျှင် (ULA/ AA ) အနေဖြင့် ကြိုဆိုကြောင်း ဦးခိုင်သုခကဆိုသည်။

“စစ်ခေါင်းဆောင်က ရခိုင်ပြည်ကိုလာရောက်ပြီးလည်ပတ်နေတာကို ကျနော်တို့လည်းသိပါတယ်။ ဆို တော့ စစ်ကောင်စီဥက္ကဋ္ဌ ရခိုင်ပြည်နယ်ကိုလာရောက်တဲ့အတွက်ကြောင်း ရခိုင်ပြည်သူတွေ တစ်စုံတစ်ရာ အကျိုး ရှိသွားတယ်။ အထူးသဖြင့် ရခိုင်ပြည်မှာ လက်ရှိ ပိတ်ဆို့ ကန့်သတ်ထားတာတွေကို ဖြေလျော့ပေး သွားတယ်။ သို့မဟုတ် ရခိုင်ပြည်သူတွေဘဝ ပြန်လည်ထူထောင်ဖို့အတွက် စီးပွားရေးလုပ်ငန်းတွေ၊ ဖွံ့ဖြိုး ရေးလုပ်ငန်းတွေ တစ်စုံတစ်ရာ အထောက်အပံ့ဖြစ်တဲ့ကိစ္စမျိုးကို ဦးတည်ပြီး လာရောက်ပြီးတော့တွေ့ဆုံ တာမျိုး ဆိုရင်တော့ ကျနော်တို့အနေနဲ့က တော့ အထွေအထူးပြောစရာမရှိပါဘူး” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှာ ဖေဖော်ဝါရီလ ၂၆ ရက် ယမန်နေ့ မွန်းလွဲပိုင်းက ရခိုင် ပြည်နယ် စစ်တွေမြို့သို့ရောက်ရှိနေပြီး  အနောက်ပိုင်းတိုင်စစ်ဌာနချုပ်၊ စစ်တွေတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် တွေ့ဆုံခဲ့ကြောင်းသိရသည်။

ယင်းအပြင် ယနေ့တွင်လည်း  ရခိုင်ပြည်နယ်ရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့်လည်း  ဦးဥတ္တမခန်းမတွင် တွေ့ဆုံနေကြောင်း သိရသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly