ပြည်ပမှ ကုန်ပစ္စည်းမှာယူမှုများ လျော့နည်းလာသဖြင့် တရုတ်ဆိပ်ကမ်းတွင် ကွန်တိန်နာများ စုပုံနေ

By CNA
27 February 2023
ပြည်ပမှ ကုန်ပစ္စည်းမှာယူမှုများ လျော့နည်းလာသဖြင့် တရုတ်ဆိပ်ကမ်းတွင် ကွန်တိန်နာများ စုပုံနေ

တရုတ်နှစ်သစ်ကူး အားလပ်ရက် ပြီးဆုံးသွားသည်မှာ ရက်သတ္တပတ်များစွာ ကြာပြီဖြစ်သော်လည်း ရှန်ကျန်းရှိ ကုန်တင်ကားမောင်းသူအားလုံး အလုပ်ပြန်မဆင်းကြသေးပေ။ ယန်တီအန် (Yantian) အပြည်ပြည်ဆိုင်ရာ ကုန်သေတ္တာဆိပ်ကမ်းသို့ သွားသည့် အမြန်လမ်းဘေးတွင် ကုန်သေတ္တာမပါသော တွဲကားများ ရပ်ထားသည်ကို တွေ့ရပြီး ယင်းသည် ၁ ကီလိုမီတာနီးပါးရှည်သော ရပ်ထားသည့် ကားတန်းကြီး၏ အစိတ်အပိုင်း တစ်ခုသာဖြစ်သည်။  

“ဒါတွေက ကုန်တင်ကားအလွတ်တွေထဲက တချို့ပါ။ ကျန်တဲ့ ကားတွေက တုံကွမ်မှာ ရပ်ထားရတယ်” ဟု ယာဉ်မောင်းတစ်ဦးဖြစ်သူ ဟွမ်က ပြောကြားခဲ့သည်။ 

ဟွမ်သည် ဖေဖော်ဝါရီ ၁၇ ရက် နေ့လယ်ပိုင်းက ဆိပ်ကမ်းတွင် ကုန်သေတ္တာတစ်လုံး ချခွင့်ရသူများအနက် တစ်ဦးဖြစ်ပြီး ဆိပ်ကမ်းတွင် စာရင်းသွင်းမှတ်ပုံတင်ထားသည့် ကုန်တင်ယာဉ်မောင်း ၁၅ ၀၀၀ ကျော်ရှိသော်လည်း ယခုအခါ ၂၀၀၀ ခန့်သာ အလုပ်ရရှိထားကြောင်း ၎င်းက ပြောသည်။

“ဒီနှစ် ပို့ကုန်စျေးကွက်က အဆိုးဆုံးလို့ ထင်တယ်၊ ပြည်ပဖောက်သည်တွေဆီက အမှာစာမရလို့ အီလက်ထရွန်းနစ်ပစ္စည်းတွေ မတင်ပို့ရသေးဘူးလို့  စက်ရုံတာဝန်ရှိသူတွေရဲ့ ပြောနေသံကို ကြားရတယ်၊ စက်ရုံတော်တော်များများက အရှေ့တောင်အာရှကို ပြောင်းရွှေ့သွားကြပြီ” ဟု ၎င်းက ဆိုသည်။

တရုတ်နိုင်ငံသည် ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကြောင့် ၃ နှစ်တာကာလကို ခက်ခက်ခဲခဲဖြတ်သန်းခဲ့ပြီးနောက်  စီးပွားရေးယန္တရားကို အရှိန်မြှင့်ရန် ကြိုးပမ်းနေစဉ် ကပ်ရောဂါကာလအတွင်း အဓိကစီးပွားရေး မောင်းနှင်အားဖြစ်ခဲ့သည့် ပို့ကုန်ကဏ္ဍသည် ပြည်ပဝယ်လိုအားကျဆင်းမှုနှင့် ပထဝီနိုင်ငံရေး တင်းမာမှု မြင့်တက်လာခြင်းများကြောင့် ဆက်လက် ဂယက်ရိုက်နေပုံရကြောင်း လေ့လာသုံးသပ်သူများနှင့် စက်မှုလုပ်ငန်း အသိုင်းအဝိုင်းများက ပြောကြားသည်။ 

ကုန်တင်ကားမောင်းသူအများအပြားအတွက် ယန်တီအန်ရှိ  ငြီးငွေ့ဖွယ်အနေအထားသည် လွန်ခဲ့သော ၂ နှစ်ခန့်က အခြေအနေနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်သည်။ ၂၀၂၁ ခုနှစ်တွင် ပို့စရာကုန်သေတ္တာ များလွန်းသည့်အတွက် ကုန်သေတ္တာအလွတ်ရရန် ခက်ခဲခဲ့သည်။ ယခုအခါ ဆိပ်ကမ်းပတ်လည်တွင် အသုံးပြုသူမရှိသည့် ကုန်သေတ္တာများ နေရာယူထားကြသည်။

အဆိုပါ ဆိပ်ကမ်းတွင် ရှိနေသည့် ကုန်သေတ္တာအလွတ် အရေအတွက်သည် ၂၀၂၀ ခုနှစ်၊ မတ်လနောက်ပိုင်း အများဆုံးဖြစ်ပြီး လွန်ခဲ့သည့် ၂၉ နှစ်က ဆိပ်ကမ်းဖွင့်လှစ်ပြီးနောက်ပိုင်း အများဆုံး ဖြစ်လာနိုင်ကြောင်း ဆိပ်ကမ်းအာဏာပိုင်များ၏ နိုဝင်ဘာလအတွင်းက တရားဝင်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကုန်သေတ္တာသယ်ယူပို့ဆောင်မှုများသည် စီးပွားရေးတိုးတက်မှုနှင့် ကမ္ဘာ့ကုန်သွယ်မှုအတွက် အရေးပါသော ညွှန်းကိန်းတစ်ခုဖြစ်ပြီး လက်ရှိဈေးကွက်အလားအလာမှာ မျှော်လင့်အားရဖွယ်မရှိကြောင်း ကွန်တိန်နာထောက်ပံ့ပို့ဆောင်ရေးအဖွဲ့ Container xChange ၏ အမှုဆောင်အရာရှိချုပ်နှင့် ပူးတွဲတည်ထောင်သူ ခရစ္စတီယန် ရိုးလော့ဖ်က ပြောကြားခဲ့သည်။

နင်ဘို၊ ရှန်ဟိုင်းနှင့် စင်္ကာပူကဲ့သို့ အာရှတစ်ဝန်းမှ အဓိကဆိပ်ကမ်းများတွင် ကုန်သေတ္တာ ငှားရမ်း၊ ဝယ်ယူခ စျေးနှုန်းများသည် ပြီးခဲ့သည့် ၂ နှစ်အတွင်း သိသိသာသာ ကျဆင်းသွားခဲ့ကာ အနာဂတ်တွင် လက်ရှိအခြေအနေအတိုင်း ဆက်ရှိနေနိုင်သေးကြောင်း ရိုးလော့ဖ်က ပြောကြားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly