ပါကစ္စတန် အစ္စလာမာဘတ်မြို့တော်တွင်  အကြမ်းဖက်ခြိမ်းခြောက်မှုများကြောင့် လုံခြုံရေးတပ်လှန့်ထား 

By ANI
27 February 2023
ပါကစ္စတန် အစ္စလာမာဘတ်မြို့တော်တွင်  အကြမ်းဖက်ခြိမ်းခြောက်မှုများကြောင့် လုံခြုံရေးတပ်လှန့်ထား 

ပါကစ္စတန်နိုင်ငံ အစ္စလာမာဘတ်မှ ရဲအုပ် အက်ခ်ဘာနာဆာခန်းသည် မြို့တော်အတွင်း တရားဥပဒေစိုးမိုးမှု အခြေအနေကို ထိန်းသိမ်းရေးအတွက် လုံခြုံရေးတပ်လှန့်ထားရန် တင်းကျပ်သောညွှန်ကြားချက်များ ထုတ်ပြန်ထားကြောင်း  The News International သတင်းတွင် ဖော်ပြထားသည်။

အစ္စလာမာဘတ်ရဲအုပ်က ရဲအရာရှိအားလုံးအား သက်ဆိုင်ရာနယ်မြေများတွင် တာဝန်ယူကြရန် ညွှန်ကြားထားပြီး လုပ်ငန်းတာဝန်များကို ရှင်းလင်းတင်ပြထားသည်။

တာဝန်ကျအရာရှိများသည် လုံခြုံရေးကိရိယာများ အပြည့်အစုံဆောင်ထားပြီး အစိုးရနှင့်ပုဂ္ဂလိကယာဉ်များ၊ လူနာတင်ယာဉ်များနှင့် သံသယဖြစ်ဖွယ်လူများကို အနီးကပ်စောင့်ကြည့်ရမည်ဟု မှာကြားသည်။
မှတ်ပုံမတင်ထားသော ယာဉ်/ဆိုင်ကယ်များကို တင်းတင်းကျပ်ကျပ် အရေးယူပြီး မြို့အတွင်းရှိ တောင်းရမ်းစားသောက်သူများနှင့် ၎င်းတို့အားခိုင်းစေသူများအား နှိမ်နင်းနေခြင်းကို အရှိန်မြှင့်ရမည်ဟု ရဲအုပ်က ပြောသည်။ 

အစိုးရအဆောက်အအုံများရှိရာ အနီရောင်ဇုန်နှင့် သံတမန်နယ်မြေများ၏ လုံခြုံရေးကို ပိုမိုထိရောက်စွာ ဆောင်ရွက်သင့်သလို နံပါတ်ပြားမပါသော၊ နေဒဏ်ခံ စတေကာကပ်ထားသော မော်တော်ယာဉ်များကိုလည်း တားမြစ်သင့်ကြောင်းနှင့် စည်းမျဉ်းဖောက်ဖျက်သူများကို ဥပဒေအရ အရေးယူသွားမည်ဟု ရဲအုပ်က ပြောသည်။  

ယူနီဖောင်းဝတ်ဝန်ထမ်းများနှင့် လုံခြုံရေးအစောင့်များကို ဝင်ပေါက်၊ ထွက်ပေါက်များတွင် မဖြစ်မနေစစ်ဆေးရန် ညွှန်ကြားထားသည်။ အစ္စလာမာဘတ်မြို့တော် ရဲတပ်ဖွဲ့သည် နိုင်ငံသားများ၏ အသက်နှင့် ဥစ္စာပစ္စည်းများကို ကာကွယ်ရန် အမြဲတမ်း အသင့်ရှိနေပြီး တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းခြင်းသည် မြို့တော် ရဲတပ်ဖွဲ့၏ ဦးစားပေးဖြစ်ကြောင်း ရဲအုပ် အက်ခ်ဘာနာဆာခန်းက ပြောကြားခဲ့သည်။

ပါကစ္စတန်တွင် စီးပွားရေးအကျပ်အတည်းနှင့် အာဖဂန်နစ္စတန်တွင် တာလီဘန်အုပ်စိုးမှုတို့ကို ကြုံနေရစဉ်မှာ  မတရားအသင်းအဖြစ် ကြေညာခံထားရသော တီရစ်-အီ-တာလီဘန် ပါကစ္စတန် (TTP) အဖွဲ့သည် အစ္စလာမာဘတ်အတွက် ခြိမ်းခြောက်မှုအဖြစ် ပြန်လည်ပေါ်ထွက်လာခဲ့သည်ဟု အမေရိကန်ငြိမ်းချမ်းရေးဌာန (USIPs) အစီရင်ခံစာကို ကိုးကား၍ Dawn သတင်းက ဖော်ပြခဲ့သည်။

ပါကစ္စတန်၏ ယိုယွင်းနေသော စီးပွားရေးသည် အကြမ်းဖက်သမားများအား တုံ့ပြန်နိုင်စွမ်းအပေါ် အကန့်အသတ်ဖြစ်လိမ့်မည်ကို စိုးရိမ်ရကြောင်း USIP အစီရင်ခံစာက ဆိုသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly