အကြမ်းဖက်တိုက်ခိုက်မှုသတင်းများ မထုတ်လွှင့်ရန် ပါကစ္စတန် မီဒီယာစည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ရုပ်သံ လုပ်ငန်းများအား တားမြစ် 

By ANI
27 February 2023
အကြမ်းဖက်တိုက်ခိုက်မှုသတင်းများ မထုတ်လွှင့်ရန် ပါကစ္စတန် မီဒီယာစည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ရုပ်သံ လုပ်ငန်းများအား တားမြစ် 

ပါကစ္စတန် မီဒီယာစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ (PEMRA) က ရုပ်သံအစီအစဉ်များတွင် အကြမ်းဖက်တိုက်ခိုက်မှုသတင်းများထုတ်လွှင့်ခြင်းကို ဖေဖော်ဝါရီ ၂၀ ရက်နေ့က စတင်တားမြစ်လိုက်ကြောင်း  ပါကစ္စတန်အခြေစိုက် The News International Newspaper က ဖော်ပြသည်။

အီလက်ထရွန်နစ်မီဒီယာကျင့်ဝတ် ၂၀၁၅ ကို လိုက်နာရန် ရုပ်သံလိုင်းများအား တိုက်တွန်းသည့် ညွှန်ကြားချက်များကို ထုတ်ပြန်ပြီးနောက် ယခု ညွှန်ကြားချက် ထပ်မံထွက်ပေါ်လာခြင်းဖြစ်သည်။

ညွှန်ကြားချက်များ အကြိမ်ကြိမ် ထုတ်ပြန်ခဲ့သော်လည်း ဂြိုဟ်တုရုပ်သံလိုင်းများသည် ၂၀၁၅ ခုနှစ် အီလက်ထရွန်နစ်မီဒီယာကျင့်ဝတ်ပါ ပြဋ္ဌာန်းချက်များအား မလိုက်နာသည်ကို စိုးရိမ်ဖွယ်တွေ့ရကြောင်း အာဏာပိုင်များ၏ သတိပေးချက်တွင် ဖော်ပြထားသည်။

သတင်းဌာနများသည် အထူးသတင်းများကို ဦးဦးဖျားဖျား တင်ဆက်နိုင်ရေးအတွက် စာနယ်ဇင်းဆိုင်ရာ အခြေခံ စံနှုန်းများနှင့် ကျင့်ဝတ်များကို မလိုက်နာဘဲ အလျင်စလို ထုတ်လွှင့်ကြသလို အခင်းဖြစ်ပွားမှုများကိုလည်း တိုက်ရိုက်ထုတ်လွှင့်ခြင်းဖြင့် စာနယ်ဇင်းကျင့်ဝတ်ကို ချိုးဖောက်ကြောင်း မီဒီယာစည်းကိမ်းထိန်းသိမ်းရေးအဖွဲ့က ပြောသည်။

ဂြိုဟ်တုရုပ်သံချန်နယ်များနှင့်ဝန်ထမ်းများအတွက် လုံခြုံရေး စိုးရိမ်ရသလို ကယ်ဆယ်ရေးနှင့် တိုက်ခိုက်မှုစစ်ဆင်ရေးများတွင်လည်း ၎င်းတို့က အဟန့်အတားများဖြစ်စေကြောင်း PEMRA အဖွဲ့က ထုတ်ပြန်သည်။

ထိုကဲ့သို့သော အခြေအနေများတွင် ထုတ်ပြန်လာသော သတင်းအချက်အလက်များသည် အခင်းဖြစ်ပွားရာနေရာမှ လုံခြုံရေးတပ်ဖွဲ့များနှင့် ဆွေးနွေးတိုင်ပင်ခြင်းမရှိသလို အတည်မပြုဘဲ မှန်းဆထုတ်ပြန်ခြင်းထားခြင်းဖြစ်သည်ဟု အီလက်ထရွန်နစ်မီဒီယာစောင့်ကြည့်ရေးအဖွဲ့က ဆိုသည်။ ထိုသို့သော သတင်းတင်ဆက်မှုမျိုးသည် ပြည်တွင်းနှင့် ပြည်ပကြည့်ရှုသူများကို ထိတ်လန့်တကြားဖြစ်စေသည်ဟု အသိပေးချက်တွင် ဖော်ပြထားသည်။

ယင်းကဲ့သို့ သတင်းထုတ်ပြန်ခြင်းများကြောင့် အကြမ်းဖက်သမားများအနေဖြင့် မီဒီယာကို နိုင်ငံရေးကြော်ငြာပုံစံအဖြစ်အသုံးချကာ ၎င်းတို့၏ လှုပ်ရှားမှုများကို လူသိရှင်ကြားဖြစ်အောင်ပြုလုပ်ပေးခြင်းဖြင့် အယူဝါဒဆိုင်ရာရည်ရွယ်ချက်များကို ဖြည့်ဆည်းပေးရာရောက်ကြောင်း ဖော်ပြထားသည်။ 

ပါကစ္စတန်တွင် ပြီးခဲ့သောလအနည်းငယ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုများ မြင့်တက်လာမှုကို ရင်ဆိုင်နေရစဉ်မှာ မီဒီယာစည်းကမ်းထိန်းသိမ်းရေးအဖွဲ့၏ ညွှန်ကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly