တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ

By ကိုရွှေမြိတ်
26 February 2023
တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် လယ်တောင်ယာကျေးရွာအုပ်ချုပ်ရေးမှူးကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့  နံနက် ၅ နာရီအချိန်တွင် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း တနင်္သာရီမြို့နယ်၊ ပြည်သူ့ကာကွယ်ရေး(တောင်ပံနီ) အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ပစ်ခတ်ခံလိုက်ရသည့်  အုပ်ချုပ်ရေးမှူးဦးရန်အောင်စိုးသည် တနင်္သာရီမြို့မှ ၎င်းနေထိုင်ရာ လယ်တောင် ယာကျေးရွာသို့ပြန်လာစဉ် လမ်းတစ်နေရာ၌ ဆိုင်ကယ်စီးလာသည့် PDF တပ်ဖွဲ့ဝင်နှစ်ဦးက သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း၊ အခင်းဖြစ်ပွားသည့်နေရာ၌ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း စစ်ကောင်စီလော်ဘီများ၏ တယ်လီဂရမ်ချန်နယ်များတွင် ဖော်ပြထားသည်။တနင်္သာရီမြို့နယ်သည် လက်ရှိတွင်စစ်အုပ်ချုပ်ရေးထုတ်ပြန် ကြေညာထားသည့်မြို့နယ်လည်းဖြစ်သည်။

စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဦးရန်အောင်စိုးသည် ရပ်ရွာထဲတွင် နာမည်ဆိုးဖြင့်ကျော်ကြားနေသူတစ်ဦး လည်းဖြစ်ကြောင်း ၊စစ်ကောင်စီတပ်ဖွဲ့နှင့်အတူ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ PDF တပ်ဖွဲ့ဝင်များနှင့် နီးစပ်သူများကို လိုက်လံဖမ်းဆီးရာတွင်ပါဝင်သူတစ်ဦးလည်းဖြစ်ကြောင်း ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင် များထံမှ သိရသည်။

မောတောင်မြို့နှင့် တနင်္သာရီမြို့တို့တွင် စစ်ကောင်စီနှင့် ပူးပေါင်းနေသည့် အုပ်ချုပ်ရေးမှူးများ ကျန်ရှိနေ သည့်အတွက် ယခုကဲ့သို့ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
စစ်ကောင်စီ၏ လက်အောက်တွင် ဆက်လက်တာဝန်ထမ်းဆောင်နေပြီး ပြည်သူနှင့် မပူးပေါင်းဘဲ ကျန်ရှိ နေသော အုပ်ချုပ်ရေးမှူးများကိုလည်း စစ်ကောင်စီ၏ အုပ်ချုပ်ရေးထောက်တိုင်အဖြစ် သတ်မှတ်ပြီး ဆက်လက်ရှင်းလင်းသွားမည် ဖြစ်ကြောင်းလည်း  တနင်္သာရီမြို့နယ်၊ ပြည်သူ့ကာကွယ်ရေး (တောင်ပံနီ) အဖွဲ့ ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စာတည်း။     ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required