မြစ်ငယ်မီးရထားရဲတပ်ဖွဲ့မှ ဒုရဲမှူး ပစ်သတ်ခံရ

By 007 မဇ္ဈိမ
26 February 2023
မြစ်ငယ်မီးရထားရဲတပ်ဖွဲ့မှ ဒုရဲမှူး ပစ်သတ်ခံရ

 မန္တလေးမြို့တွင် ယမန်နေ့ညနေပိုင်းက မြစ်ငယ်မီးရထားရဲတပ်ဖွဲ့မှ ဒုရဲမှူးအဆင့်ရှိသူတစ်ဦး ပစ်သတ်ခံလိုက်ရကြောင်း သတင်းရရှိသည်။

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် (ဋ)ရပ်ကွက်၊ ၄၄ လမ်းနှင့် ၁၃၆ လမ်းထောင့်အနီးရှိ၊ အိမ်ခြံမြေပွဲစား အမျိုးသမီးတစ်ဦး၏နေအိမ်သို့ အလည်ရောက်ရှိနေစဉ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ညနေ ၆ နာရီ ၃၅ မိနစ် ခန့်တွင် ပစ်သတ်ခံလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

“အသတ်ခံရတဲ့ရဲမှူးက အဲဒီအိမ်ကို မကြာခဏလာလေ့ရှိတယ်။ သူတို့က သီးသီးသန့်သန့်နေကြတာဆို တော့ သူတို့အကြောင်း သိပ်မသိကြဘူး။ အဲဒီအိမ်ကအစ်မက မြေပွဲစားဆိုတာလောက်ပဲသိတယ်။ မနေ့က ညမိုးချုပ်စလေးပဲရှိသေးတယ် သေနတ်သံသုံးလေးချက်ဆက်တိုက်ကြားရပြီး၊ နောက်တော့သိရတာက အဲဒီအိမ် အလည်လာတဲ့ရဲမှူး အသတ်ခံရတာတဲ့၊ ပွဲချင်းပြီးသေတာပါ” ဟု ရပ်ကွက်နေ ဒေသခံတစ်ဦးက ပြောသည်။

အသတ်ခံရသည့်ဒုရဲမှူးသည် အမှတ်(၆)မီးရထားရဲတပ်ဖွဲ့(မြစ်ငယ်)မှ တပ်ခွဲမှူးအဆင့်ရှိသော ဒုရဲမှူး ဝင်းမင်းသန့်ဆိုသူဖြစ်ကြောင်း သိရသည်။

၎င်းအသတ်ခံရမှုနှင့်ပတ်သက်၍ မည်သည့်အဖွဲ့အစည်းကလုပ်ဆောင်သွားသည်ကို မသိရသေးဘဲ စစ်ကောင်စီ၏ဝါဒဖြန့်သတင်းများတွင် ဓားပြတိုက်မှုဖြစ်ကြောင်း၊ အမည်မသိ လူရှစ်ဦးက သေနတ်အတို တစ်လက်နှင့် ဓားများကိုင်ဆောင်ကာ နေအိမ်အတွင်း ဝင်ရောက်ဓားပြတိုက်သွားခြင်းဖြစ်ကြောင်း ဖော်ပြ သည်။

၎င်းအား သေနတ်ဖြင့်သုံး ချက်ပစ်သွားခြင်းဖြစ်ပြီး၊ ဦးခေါင်းငယ်ထိပ်ကျည်ဆန်ဖောက်ဝင်ဒဏ်ရာ၊ ဝဲ ခါး စောင်းမှဖောက်ဝင်ဒဏ်ရာ၊ ဦးခေါင်းနောက်စေ့မှဖောက်ဝင်ဒဏ်ရာတို့ဖြင့်၊ နေရာမှာပင်သေဆုံးသွားခြင်း ဖြစ်ကြောင်း၊ ၎င်းကိုင်ဆောင်သည့် ပစ္စတိုသေနတ်တစ်လက်နှင့် ကျည် ၁၈ တောင့်နှင့် စကားပြောစက် တစ်လုံးယူဆောင်သွားကြောင်း အဆိုပါသတင်းများက ဆိုသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required