ရွေးကောက်ပွဲကျင်းပမည့်ရက်ကြေညာရန် ကော်မရှင်ကိုဖိအားပေးသည့် ပါကစ္စတန်သမ္မတ ဝေဖန်ခံရ

ရွေးကောက်ပွဲကျင်းပမည့်ရက်ကြေညာရန် ကော်မရှင်ကိုဖိအားပေးသည့် ပါကစ္စတန်သမ္မတ ဝေဖန်ခံရ

ပါကစ္စတန်သမ္မတ အရစ်ဖ်အယ်လ်ဗီသည် ခိုက်ဘာပက်ခ်တွန်ခဝါနှင့် ပန်ဂျပ်ပြည်နယ်လွှတ်တော်များအတွက် ရွေးကောက်ပွဲ ကျင်းပမည့်ရက်များကို ကြေညာရန် ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့ကို ဖိအားပေးကာ ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း၏ အကြံပေးချက်အတိုင်းလုပ်ဆောင်သည်ဟု အာဏာရညွန့်ပေါင်းဝန်ကြီးများ၏ စွပ်စွဲပြစ်တင်မှုကို ခံနေရသည်။

ခန်း၏ ပါကစ္စတန် တီရစ်-အီ-အင်ဆက် (PTI) ပါတီမှ သမ္မတအယ်လ်ဗီသည် လွှတ်တော် ၂ ရပ်၏ ရွေးကောက်ပွဲကျင်းပမည့်ရက်ကို ဆွေးနွေးရေး  ဖေဖော်ဝါရီ ၂၀ ရက်၌  အရေးပေါ်အစည်းအဝေးပြုလုပ်ရန် ပါကစ္စတန်၏ ရွေးကောက်ပွဲကော်မရှင်အကြီးအကဲ စီကန်တာဆူလ်တန်ရာဂျားအား ဖိတ်ကြားခဲ့သည်။

သမ္မတသည် ဖေဖော်ဝါရီ  ၈ ရက်က ပေးပို့ခဲ့သော ယခင်စာနှင့်နှင့်ပတ်သက်ပြီး ပါကစ္စတန်ရွေးကောက်ပွဲ ကော်မရှင် (ECP) ထံမှ တုံ့ပြန်မှု မရရှိသည့်အတွက် စာထပ်မံ ရေးသားခဲ့ခြင်းဖြစ်သည်။ ဒုတိယစာတွင် သမ္မတက ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့၏ ဂရုမစိုက်မှုနှင့် ပျက်ကွက်မှုအပေါ် မကျေနပ်ကြောင်း ဖော်ပြခဲ့သည်။ 

သီးခြားထုတ်ပြန်ချက်များတွင် ပြည်ထဲရေး၊ ကာကွယ်ရေးနှင့် ဥပဒေဝန်ကြီးများက သမ္မတကို ဝေဖန်ခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအရ လုပ်ပိုင်ခွင့်ကို  သတိပေးခဲ့သည်။

“အရစ်ဖ်အယ်လ်ဗီက ပါကစ္စတန်ရဲ့ သမ္မတအနေနဲ့ ပြုမူဆောင်ရွက်သင့်ပါတယ်။ အီမရန်ခန်းရဲ့ ပြောရေးဆိုခွင့်ရှိသူအနေနဲ့ မလုပ်သင့်ပါဘူး။ သမ္မတဟာ ရွေးကောက်ပွဲကျင်းပမယ့်ရက်ကို ကြေညာတာနဲ့ ဘာမှမသက်ဆိုင်ပါဘူး” ဟု ပြည်ထဲရေးဝန်ကြီး ရာနာဆာနူလာက ပြောသည်။

ဆာနူလာက ရွေးကောက်ပွဲကော်မရှင်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အခွင့်အာဏာကို သမ္မတက ဝင်ရောက်စွက်ဖက်နေကြောင်းနှင့်  အီမရန်ခန်းက သမ္မတရုံးမှတစ်ဆင့် ကော်မရှင်အပေါ် ဖိအားပေးရန် ကြိုးစားနေသည်ဟု ဆာနူလာက စွပ်စွဲခဲ့သည်။

ကာကွယ်ရေးဝန်ကြီး ခါဝါဂျာအစစ်ဖ်ကလည်း သမ္မတအား ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့၏ ကိစ္စများတွင် ပါဝင်စွက်ဖက်မှုအတွက် ဝေဖန်ခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတသည် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲများအတွက် ရက်သတ်မှတ်ခွင့်မရှိကြောင်း ဥပဒေနှင့် တရားရေးဝန်ကြီး အဇမ်နီဇားတာရာက သတိပေးခဲ့သည်။

ဝန်ကြီးချုပ်ဟောင်းအီမရန်ခန်းသည် ၂၀၂၂ ခုနှစ် ဧပြီလတွင် အယုံအကြည်မရှိအဆိုဖြင့် ရာထူးမှ ဖြုတ်ချခံခဲ့ရပြီးကတည်းက ရွေးကောက်ပွဲအသစ်များ ပြုလုပ်ရန် တောင်းဆိုနေခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly