တရုတ်တွင် သတ္တုတွင်းပြိုကျမှုကြောင့် ၅ ဦးထက်မနည်း သေဆုံးပြီး ၄၈ ဦး ပိတ်မိနေ

တရုတ်တွင် သတ္တုတွင်းပြိုကျမှုကြောင့် ၅ ဦးထက်မနည်း သေဆုံးပြီး ၄၈ ဦး ပိတ်မိနေ

တရုတ်နိုင်ငံမြောက်ပိုင်း၊ အတွင်းမွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ အယ်ဇာလိဂ်မြို့တွင် ကျောက်မီးသွေးတွင်းပြိုကျမှုကြောင့် လူ ၅ ဦးထက်မနည်း သေဆုံးကာ ၄၈ ဦးပိတ်မိနေဆဲဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာက ထုတ်လွှင့်သည်။

အဆိုပါ ဖြစ်စဉ်သည် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ မွန်းလွဲပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သတ္တုတွင်းထဲတွင် လူ ၅၀ ကျော် ပိတ်မိနေကြောင်း နိုင်ငံပိုင်သတင်းဌာန Xinhua က အစောပိုင်းက ထုတ်ပြန်ခဲ့သည်။  

တရုတ်သမ္မတ ရှီကျင့်ဖျင်က ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် ညွှန်ကြားခဲ့ပြီး ဝန်ကြီးချုပ် လီခေ့ချန်က သတ္တတွင်းပြိုကျမှု ဖြစ်ပွားရသည့် အကြောင်းရင်းကို အမြန်ဆုံး စုံစမ်းစစ်ဆေးရန် တိုက်တွန်းခဲ့သည်။

“ပျောက်ဆုံးနေသူတွေကို ကယ်ဆယ်ဖို့နဲ့ ဒဏ်ရာရသူတွေကို ကုသပေးဖို့ တတ်နိုင်သမျှ အစွမ်းကုန် ကြိုးစားရပါမယ်” ဟု ရှီက ပြောကြားခဲ့သည်။

ရှင်ကျင်းကျောက်မီးသွေးကုမ္ပဏီက လုပ်ကိုင်လျက်ရှိသည့် ကျောက်မီးသွေးတွင်း၏ နေရာတော်တော်များများတွင် ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း နိုင်ငံပိုင်ရုပ်မြင်သံကြား CCTV က  ဖော်ပြခဲ့သည်။

အတွင်းမွန်ဂိုလီးယားသည် တရုတ်နိုင်ငံရှိ ကျောက်မီးသွေးနှင့် အခြားတွင်းထွက်သတ္တုများတူးဖော်ရာတွင် အဓိကကျသောဒေသဖြစ်သည့်အတွက် တောင်တန်းများ၊ မြက်ခင်းပြင်များနှင့် သဲကန္တာရများ၏ မူလအနေအထားများ ပျက်စီးသွားခဲ့ရသည်ဟု ဝေဖန်သူများက ဆိုသည်။

တရုတ်နိုင်ငံရှိ သတ္တုတွင်းအန္တရာယ်ကင်းရှင်းရေးအစီအမံများသည် မကြာသေးမီ ဆယ်စုနှစ်များအတွင်း တိုးတက်ကောင်းမွန်လာသော်လည်း ဘေးကင်းလုံခြုံရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများ လျော့ရဲသည့် လုပ်ငန်းများ အထူးသဖြင့် ကနဦးစလုပ်သည့်လုပ်ငန်းခွင်နေရာများတွင် မတော်တဆမှုများ မကြာခဏ ဖြစ်ပွားနေဆဲ ဖြစ်သည်။

တရုတ်နိုင်ငံအနောက်မြောက်ပိုင်း၊ ရှင်ကျန်းဒေသတွင် ဒီဇင်ဘာလက ရွှေတွင်းတစ်ခုပြိုကျပြီး လူ ၄၀ ခန့် ပိတ်မိခဲ့ကာ ၎င်းတို့ထဲမှ ထက်ဝက်ကျော်ကို ကယ်ဆယ်နိုင်ခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly