ဖားကန့်တွင် စစ်ကောင်စီတပ်ဖွဲ့ ပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်၍ ဒေသခံအမျိုးသမီး အသက်အန္တရာယ်စိုးရိမ်ရ

By အဂမ်
24 February 2023
ဖားကန့်တွင် စစ်ကောင်စီတပ်ဖွဲ့ ပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်၍ ဒေသခံအမျိုးသမီး အသက်အန္တရာယ်စိုးရိမ်ရ

မဇ္ဈိမ။      ။ ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊မဇွပ်ယန်ကျေးရွာဘက်သို့ စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်ရာ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲသဖြင့် ဒေသခံအမျိုးသမီးတစ်ဦး ထိမှန်ခဲ့ကာ အသက် အန္တရာယ် စိုးရိမ်ရသည့် အခြေအနေရှိသည်ဟု ဒေသခံများက ဆိုကြသည်။

ယနေ့  ဖေဖော်ဝါရီလ ၂၄ရက် နံနက် ၇ နာရီခန့်က မဇွပ်ယန်ကျေးရွာအနီးရှိ အကျဥ်းထောင်ဘက်မှ စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးများဖြင့် ကျေးရွာအတွင်းသို့ ပစ်ခတ်ခဲ့သည့်အတွက် ဒေသခံအမျိုးသမီးတစ်ဦး လက်နက်ကြီးကျည် ထိမှန်ကာ ပြင်းထန်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။

"သူတို့ပစ်တာ အဝေးကိုမရောက်ပဲ ရွာထဲကိုကျတာ အမျိုးသမီးတစ်ယောက်တော့ ထိသွားတယ်။ စိုးရိမ်ရတယ် ”ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

လက်နက်ကြီးကျည် ထိမှန်သည့်အမျိုးသမီးမှာ မဇွပ်ယန်ကျေးရွာနေ ကလေးနှစ်ယောက်မိခင် ဒေါ်လခရိဂျာအိန် ဆိုသူဖြစ်ပြီးစိုးရိမ်ဒဏ်ရာဖြင့် ဆေးကုသမှုခံယူနေရကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်‌ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိသကဲ့သို့ လူနေအိမ်သုံးလုံးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သားများသည် မဇွပ်ယန်အကျဥ်းထောင်အတွင်း တပ်စွဲထားသည့်အပြင် အကျဥ်းထောင်အနီးရှိ ကုမ္ပဏီလုပ်ကွက်ဝန်း နှစ်ခုအတွင်း၌လည်း ခြံစည်းရိုးခတ်ကာ တပ်စွဲနေထိုင်ကြသည်ဟု ဒေသခံများကပြောသည်။

မဇွပ်ယန်ထောင်မှ စစ်ကောင်စီတပ်က ယခုကဲ့သို့ လက်နက်ကြီးဖြင့်ပစ်ခတ်မှုများ မကြာခဏရှိနေပြီး ယခင်ကလည်း ပြည်သူများ ထိခိုက်မှု ရှိခဲ့သည်ဟု သိရသည်။မဇွပ်ယန်ကျေးရွာတွင် ပြီးခဲ့သည့်  ၂၀၂၂ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင်လည်း  စစ်ကောင်စီတပ်ဖွဲ့မှ ပစ်ခတ်သည့် လက်နက်ကြီးကျည် မကြာခဏ ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဒေသခံများကပြောသည်။

KIA ဦးဆောင်သော ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းအဖွဲ့ကလည်း  ယနေ့တွင်ပင် ဖားကန့်မြို့နယ်အတွင်း စစ်ရေးလှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ စစ်ရေးလှုပ်ရှားမှုအသေးစိတ်ကို မသိရသေးပေ။

စာတည်း။    ။ ဖူးသိမ်ကျ
စာမူတည်းဖြတ် ။    ။မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required