မြင်းခြံမြို့နယ်တွင် ပျူစောထီးခေါင်းဆောင်ဆိုသူ ပစ်ခတ်ခံရ၍ သေဆုံး၊ လက်ပစ်ဗုံး သိမ်းဆည်းရရှိ

By ကိုခင်မောင်
24 February 2023
မြင်းခြံမြို့နယ်တွင် ပျူစောထီးခေါင်းဆောင်ဆိုသူ ပစ်ခတ်ခံရ၍ သေဆုံး၊ လက်ပစ်ဗုံး သိမ်းဆည်းရရှိ

(မဇ္ဈိမ)။    ။ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ လေးရွာဆုံကျေးရွာရှိ ပျူစောထီးခေါင်းဆောင်ဆိုသူ ဦးဝင်းစိုးကို ၎င်း၏ယာခင်း၌ ဝင်ရောက်ပစ်ခတ်ခဲ့ရာ နေရာတွင်ပင် သေဆုံးသွားပြီး ၎င်းထံမှ လက်ပစ်ဗုံး တစ်လုံးကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း Natogyi Regional Defence Force (NRDF) က ဖေဖော်ဝါရီ ၂၁ရက်တွင် သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၂၁ရက် နံနက်၉ နာရီ အချိန်ခန့်တွင် “ခေတ်ပြောင်းချင်ရင် ဦးခေါင်းပစ်ရတယ်”ဆိုသောစကားလုံးကို ကျေးရွာထဲတွင်ပြောဆိုလေ့ရှိသူဆိုသည့် ဦးဝင်းစိုးကို ၎င်း၏ယာခင်းတွင် မိသားစုနှင့်အတူ အလုပ်လုပ်နေစဉ် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု NRDF အဖွဲ့ထံမှ သိရသည်။

“နိစ္စဓူဝ ပေါ့ဗျာ လက်နက်လေးရှိနေတော့ ဟိုလူ့‌တွေ့လည်း ရန်လို၊ ဒီလူ့တွေ့လည်း ရန်လိုနဲ့ ပတ်ဝန်းကျင်က ရွာတွေကိုလည်း ဒီကောင်ကပဲ ဦးဆောင် စစ်ကြောင်းထိုးတာ။ အပြစ်မရှိတဲ့သူ နှစ်ယောက်ကိုတော့ ကျွန်တော်တို့ လက်ဖျားနဲ့တောင် မထိခဲ့ပါဘူးဗျ။ ဒီကောင်ဆီမှာ MA-1 တစ်လက်ရှိတာ အဲနေ့က ဒီကောင် ယာခင်းထဲ မယူလာခဲ့ဘူး။ လက်ပစ်ဗုံးလောက်ပဲ သိမ်းဆည်းရမိခဲ့တာ” ဟု NRDF မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက  မဇ္ဈိမကိုပြောသည်။

ဦးဝင်းစိုးထံမှ လက်ပစ်ဗုံးတစ်လုံး၊ လက်ကိုင်ဖုန်းတစ်လုံးနှင့် ဂျင်ကလိ(ခေါ်) သံချွန်များကို  သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့အပြင် ဦးဝင်းစိုးသည် သားဖြစ်သူ ဗိုလ်ကြီး၏ အရှိန်အဝါကိုယူ၍ စစ်ကောင်စီတပ်သားများကိုခေါ်ကာ ကျေးရွာလူထုအပေါ်  ဖိနှိပ်ခြင်း၊ လက်နက်အားကိုးဖြင့် ခြိမ်းခြောက်ခြင်းများ အစဉ်တစိုက် လုပ်ဆောင်သူဖြစ်သည်ဟုလည်း ယင်းအဖွဲ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖေဖော်ဝါရီလ ၁၈ရက်တွင်လည်း မြင်းခြံ-နွားထိုးကြီးလမ်းမ၊ ညောင်ပင်ရွာ အနောက်ဘက်၌ နွားထိုးကြီး မြို့မရဲစခန်းမှ ထွက်လာသော စစ်ကောင်စီတပ်သား ခုနစ်ဦးပါ AD Van ကားတစ်စီးကို အသင့်စောင့်ကြိုကာ  မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း NRDFအဖွဲ့ တာဝန်ရှိသူထံမှ သိရသည်။

ယင်းမိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ စီးလာသောကားသည် ကားဘီးပေါက်သွားပြီး စစ်ကောင်စီတပ်သား ငါးဦးလည်း ဗုံးစထိမှန်ဒဏ်ရာရသွားကြောင်း ၎င်းတာဝန်ရှိသူက  ဆိုသည်။

Natogyi Regional Defence Force အဖွဲ့၏ ထုတ်ပြန်ချက်တိုင်းတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် စစ်အာဏာရှင်စနစ် အမြစ်ပြတ် ကျရှုံးရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားပါမည်ဟု သစ္စာအဓိဋ္ဌာန်ပြုထားသည်ကို တွေ့ရသည်။

စာတည်း။    ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။    ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly