ဆန်တင်ပို့မှုမှရရှိသည့် ပို့ကုန်ဝင်ငွေ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်နှုန်းဖြင့်သာ ပြန်လဲရမည် 

By မေဘယ်လ်သူ(မဇ္ဈိမ)
24 February 2023
ဆန်တင်ပို့မှုမှရရှိသည့် ပို့ကုန်ဝင်ငွေ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်နှုန်းဖြင့်သာ ပြန်လဲရမည် 

နယ်စပ်ကုန်သွယ်‌ရေးကဏ္ဍတွင် ဆန်နှင့်ဆန်ထွက်ပစ္စည်းတင်ပို့မှုမှ ရရှိသည့် ပို့ကုန်ဝင်ငွေ ၆၅ ရာခိုင်နှုန်းကို မတ်လ ၁ရက်နေ့မှစတင်ကာ ဗဟိုဘဏ် သတ်မှတ်နှုန်းဖြင့် ပြန်လည်လဲလှယ်ရမည်ဟု သိရသည်။ 

လက်ရှိတွင် နယ်စပ်ကုန်သွယ်‌ရေးကဏ္ဍတွင် ပို့ကုန်ရငွေအား ၁၀၀ ရာခိုင်နှုန်းအပြည့်ဖြင့်ရရှိနေပြီး၊ ပို့ကုန်ရငွေတန်ဖိုး၏ ၁၀၀ ရာခိုင်နှုန်းကို လိုင်စင်ရသည့် ပုဂ္ဂလိကဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်နှင့် ပြင်ပပေါက်ဈေးအတိုင်းလဲလှယ်ခွင့်ရှိနေခြင်းဖြစ်သည်။ 

သို့သော် လာမည့် မတ်လ ၁ရက်နေ့မှ စတင်ကာ  နယ်စပ်ပို့ကုန်ကဏ္ဍမှ ပို့ကုန်ရငွေများ၏ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ် သတ်မှတ်နှုန်းဖြင့် ပြန်လည်လဲလှယ်ရန် သတ်မှတ်ထားပြီး၊ အဆိုပါမူဝါဒအတွင်း ပဲ၊​​ ပြောင်း၊ နှမ်း၊​မြေပဲ၊ ရာဘာ၊​ ရေထွက်ပစ္စည်း၊ တိရစ္ဆာန်အရှင်စသည့် ကုန် ခြောက်မျိုး အပြင် ဆန်နှင့်ဆန်ထွက်ပစ္စည်းတင်ပို့မှုလည်း ပါဝင်လာကြောင်း စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ယမန်နေ့ ဖေဖော်ဝါရီလ ၂၃ရက်တွင် ကြေညာထားသည်။ 

တစ်ဖက်တွင်လည်း ပို့ကုန်ရငွေအပေါ်  စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်၏ ၆၅ ရာခိုင်နှုန်း - ၃၅ ရာခိုင်နှုန်း သတ်မှတ်ချက်က ဈေးကွက်အပေါ် သက်ရောက်မှုများ ရှိလာနိုင်ကြောင်း ပြောဆိုမှုများရှိနေသည်။ 

“ မတ်လ ၁ရက်ကစပြီး မူဝါဒပြောင်းတဲ့အထဲမှာ အရင်ကတော့ ကုန် ခြောက်မျိုးပဲ သတ်မှတ်ထားတယ်။ အခုတော့ ဆန်နဲ့ဆန်ထွက်ပစ္စည်းပါ ပါလာပြီ။ ပြည်တွင်းမှာက ဆန်စျေးလည်းတက်နေတဲ့အပြင် ပို့ကုန်ဝင်ငွေကိုလည်း ထင်သလောက်မရရှိနိုင်တော့ဘူး။ စားသုံးသူအပြင်၊ တောင်သူတွေနဲ့ ပို့ကုန်သမားတွေပါ အကျပ်ရိုက်လာတဲ့ကိစ္စပဲ” ဟု မဇ္ဈိမ၏ သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။ 

ပို့ကုန်ရငွေ၏ ၃၅ ရာခိုင်နှုန်းကို  တရားဝင်လွှဲပြောင်းခြင်း၊ ရောင်းချခြင်းများ ဆောင်ရွက်နိုင်ပြီး ပို့ကုန်ရငွေ၏ ၆၅ ရာခိုင်နှုန်းကို တစ်ရက်အတွင်း ကျပ်ငွေဖြင့်လဲလှယ်ရမည်ဖြစ်ကြောင်း  စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ၂၀၂၂ ခုနှစ် သြဂုတ် ၁၆ ရက် နေ့တွင်ထုတ်ပြန်ထားပြီး၊ ပို့ကုန် လုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် တရုတ်ယွမ်‌ငွေ၊ ထိုင်းဘတ်ငွေနှင့် အိန္ဒိယရူပီးစသည့် နိုင်ငံခြားငွေများဖြင့် တိုက်ရိုက်ငွေပေးချေခွင့်ကို ခွင့်ပြုထားပြီးလည်းဖြစ်သည်။ 

လက်ရှိတွင် ဗဟိုဘဏ်က သတ်မှတ်ထားသည့် ငွေလဲနှုန်းမှာ အမေရိကန် တစ်ဒေါ်လာလျင် ၂,၁၀၀ ကျပ် ဖြစ်ပြီး ပြင်ပဈေးကွက်တွင် ၂,၉၀၀ ကျပ်ဝန်းကျင်ဖြင့် အရောင်းအဝယ်ပြုလုပ်နေကြသလို၊ တရုတ် တစ်ယွမ်လျင် မြန်မာငွေ ၄၁၀ ကျပ် ဝန်းကျင်၊ ထိုင်းဘတ်ငွေ တစ်ဘတ်လျင် မြန်မာငွေ ၈၅ ကျပ်ဝန်းကျင်၊ အိန္ဒိယ တစ်ရူးပီးလျင် မြန်မာငွေ ၃၆ ကျပ်ဝန်းကျင် အထိဖြစ်နေကြောင်းသိရသည်။ 

စာတည်း - သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required