ဖားကန့်မှာ ကျောက်အရောင်းအဝယ်သမား သေနတ်ဖြင့်ပစ်သတ်ခံရ 

By အဂမ်  မဇ္ဈိမ
23 February 2023
ဖားကန့်မှာ ကျောက်အရောင်းအဝယ်သမား သေနတ်ဖြင့်ပစ်သတ်ခံရ 

ကချင်ပြည်နယ် ဖားကန့်မြို့တွင် ကျောက်အရောင်းအဝယ်သမား အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရသည်ဟု ဒေသခံတွေက ဆိုသည်။ 
ကချင်ပြည်နယ် ဖားကန့်မြို့ မော်ဝမ်းရပ်ကွက် (၅)၊အိမ်အမှတ် (၁၀၉) မှ အိမ်ရှင်အမျိုးသားတစ်ဦးကို အမည်မသိ လက်နက်ကိုင်တစ်စုမှ ယမန်နေ့ နေ့လယ် ၁ နာရီခန့်တွင် လာရောက်ပစ်သတ်သွားခြင်းဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးက ယခုလိုပြောသည်။ 
``လူငယ် ငါးယောက်လာခဲ့တာဟုတ်တယ်။ သုံးယောက်က တစ်စီးနဲ့ နှစ်ယောက်က တစ်စီးဟုတ်တယ်။  လူသုံးယောက်စီးတဲ့ဆိုင်ကယ်က အပြင်မှာစောင့်နေပြီး၊ နှစ်ယောက်ပဲစီးတဲ့ ဆိုင်ကယ်သမားတွေက အိမ်ထဲအထိ ဝင်ပစ်သွားတာပါ´´ဟု မျက်မြင်တွေ့ရှိသူ သတင်းရင်းမြစ်က ပြောသည်။ 
သေနတ်ပစ်သတ်ခံရသူသည် အသက် ၄၉ နှစ်အရွယ်ရှိ ဦးသန်းစိုးနိုင် ဆိုသူဖြစ်ပြီး  ဦးခေါင်းတွင်ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် နေအိမ်မှာပဲ ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။ 
သေဆုံးသူ ဦးသန်းစိုးနိုင်သည် ၎င်းနေအိမ်တွင် မိသားစုနဲ့အတူတကွ နေထိုင်ပြီး၊ ကျောက်အရောင်းအဝယ် လုပ်ကိုင်နေသူ တစ်ဦးလည်း ဖြစ်သည်။ 
ဦးသန်းစိုးနိုင်အား လာရောက်ပစ်သတ်သွားသည့်အဖွဲ့သည် မည်သည့်အဖွဲ့အစည်းမှဖြစ်ကြောင်း မသိရသေးသည့်အပြင် ထွက်ပြေးလွတ်မြောက်သွားကြောင်း ဒေသခံများက ပြောသည်။ 
ဖားကန့်မြို့တွင် ယခုလို လူသတ်မှု လုယက်မှု လူသေမှုများသည် ကချင်ပြည်နယ်၌ အများဆုံးဖြစ်ပွားနေပြီး၊ ယခုနှစ်အတွင်း အသတ်ခံရသူ လေးဦးထိ ရှိလာနေပြီဖြစ်သည်။ 
စာတည်း - သန့်ဇော်(သန်လျင်) 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly