KNU နယ်မြေအတွင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု အကြိမ်သုံးရာကျော်ပြုလုပ်ခဲ့ပြီး အရပ်သား ၃၆ ဦးသေဆုံး

23 February 2023
KNU နယ်မြေအတွင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု အကြိမ်သုံးရာကျော်ပြုလုပ်ခဲ့ပြီး အရပ်သား ၃၆ ဦးသေဆုံး

စစ်တပ်အာဏာသိမ်းထားတဲ့ နှစ်နှစ်အတွင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်တဲ့ တပ်မဟာ ခုနစ်ခုမှာ စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှု ၃၀၇ ကြိမ်လုပ်ခဲ့ပြီး အဲဒီ တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၃၆ ဦး သေဆုံးပြီး၊ ၅၇ ဦး ဒဏ်ရာရခဲ့တယ်လို့ KNU က ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဒီတိုက်ခိုက်မှုတွေဟာ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်တဲ့ အရေအတွက်တွေကို ထည့်သွင်းတွက်ချက် မထားဘူးလို့ဆိုပါတယ်။
အာဏာသိမ်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်၍ ဖော်ပြပါအချက်အလက်များ၏ အသေးစိတ်အချက်အလက်များကို KNU မှ မကြာခင်ထုတ်ဝေမည့် လူ့အခွင့်အရေး အစီရင်ခံစာတွင် အသေးစိတ်ထည့်သွင်း ဖော်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
အာဏာသိမ်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကို ကြိုတင်သတိပေး ကာကွယ်နိုင်ရေးအတွက် လေကြောင်းကင်းထောက်များအဖြစ် တာဝန်ထမ်းဆောင်နိုင်မည့် ပြည်သူများ ကို ဖိတ်ခေါ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)မှ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ် လေကြောင်းလှုပ်ရှားမှုများကို အချိန်နှင့်တပြေးညီ သိရှိနိုင်စေရန်အတွက် လေတပ်စခန်းများအပါအဝင် လေယာဉ်ကွင်း၊ ရဟတ်ယာဉ်ကွင်းများကို ပုံမှန်စောင့်ကြည့် သတင်းပေးပို့ခြင်း၊ လေကြောင်းသွားလာမှု လမ်းကြောင်းတလျှောက် သတင်းပေးပို့ခြင်းများ လုပ်ဆောင်ရမည်ဟု ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။
အာဏာသိမ်းပြီး နှစ်နှစ်အတွင်း KNU ထိန်းချုပ်နယ်မြေတွေမှာ တိုက်ပွဲပေါင်း ရှစ်ထောင်ကျော်ဖြစ်ပွားခဲ့ပြီး စစ်ဘေးဒုက္ခသည် လေးသိန်းနီးပါးရှိလာပြီလို့လည်း KNU ရဲ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ စာရင်း တွေမှာ ဖော်ပြထားပါတယ်။  
အဆိုပါလေကြောင်းတိုက်ခိုက်မှု ၃၀၇ ကြိမ်တွင် KNU ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ခရိုင် ၇ ခရိုင်အတွင်း နေထိုင်သော အရပ်သားပြည်သူများ ပိုင်ဆိုင်သည့် နေအိမ် ၂၅၈ လုံး၊ စာသင်ကျောင်း ၁၂ ကျောင်း၊ ဆေးရုံ ၆ လုံး၊ ပြည်သူပိုင်အဆောက်အဦး ၃၅ လုံး၊ ဘုန်းကြီးကျောင်း ၄ ကျောင်း၊ သီလရှင်ကျောင်း ၁ ကျောင်း၊ ခရစ္စယာန်ဘုရားကျောင်း ၈ ကျောင်းတို့မှာ ထိခိုက်ပျက်စီးခဲ့ရပြီး အပြစ်မဲ့အရပ်သားပြည်သူ ၅၇ ဦး ထိခိုက်ဒဏ်ရာရရှိကာ ၃၆ ဦး ထိခိုက်သေဆုံးခဲ့ရကြောင်း သိရသည်။
၂နှစ်ကျော်ကြာ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ၃၀၂၂ဦးရှိပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required