ဖလူး-ဝေါလေ ထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးအပါအဝင် ၂ ဦးသေဆုံး

By သွင်ထူးဈာန် (ကော်သူးလေ)
22 February 2023
ဖလူး-ဝေါလေ ထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးအပါအဝင် ၂ ဦးသေဆုံး

ကော်သူးလေ(မဇ္ဈိမ)။   ။ ကရင်ပြည်နယ် ကရင်အမျိုးသားအစည်းရုံး တပ်မဟာ(၆)ထိန်းချုပ်နယ်မြေ မြဝတီမြို့တောင်ဘက်ခြမ်း ဖလူး-ဝေါလေ ကားလမ်းမတွင် ဖေဖော်ဝါရီလ ၂၂ရက်နေ့ ညနေ၂နာရီ၁၀မိနစ်တွင် စစ်ကောင်စီတပ်နှင့် ကော်ဘရာစစ်ကြောင်းတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖလူး-ဝေါလေ ကားလမ်းမကို အရပ်သားကား သုံးစီးဖြင့် ဖြတ်သန်းလာသည့် (၅၈၅)တပ်ရင်း စကစ(၁၃)ထုတ်နုတ်အဖွဲ့နှင့် ကားလမ်း လုံခြုံရေးယူထားသည့် ကော်ဘရာစစ်ကြောင်းတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိတွေ့တိုက်ပွဲမှာ ၁၅မိနစ်ကြာမြင့်ပြီး စစ်ကောင်စီတပ်ဘက်မှ ဗိုလ်မှူးတစ်ဦးနှင့် အခြားအဆင့်တစ်ဦးသေဆုံးခဲ့ပြီး လေးဦးဒဏ်ရာရရှိခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းမှ ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သည် ကားပေါ်မှ ရမ်းသန်းပစ်ခတ်ခဲ့သည့်အတွက် ဒုက္ခသည်စခန်းမှ စစ်ဘေးရှောင်သူတစ်ဦး ဦးခေါင်းဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကော်ဘရာစစ်ကြောင်းဘက်မှလည်း ရဲဘော်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ အဆိုပါထိတွေ့တိုက်ပွဲကြောင့် ဒုက္ခသည်စခန်းမှ စစ်ဘေးရှောင်များ သောင်းရင်းမြစ်ဘေးကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required