မဇ္ဈိမ။ ။ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့ နာရီစင်အနီး ငါးသုံးလုံးလမ်းကြားတွင် စစ်ကောင်စီလက် အောက်ခံ ရဲတပ်ကြပ်ကြီး သိန်းဇော်ဌေးအား သေနတ်သမား နှစ်ဦးက ယနေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက် ၁၁ နာရီခွဲဝန်းကျင်က လာရောက်ပစ်ခတ်ခဲ့သဖြင့် သေဆုံးသွားကြောင်း သိရသည်။
မြို့ခံတစ်ဦးက “ဟုတ်ပါတယ်။ ရဲကို လာပစ်တာ။ တမင်တကာ သူ့ကိုလာပစ်တာ။ အမျိုးသားနှစ်ယောက် က ဆိုင်ကယ်နဲ့လာပစ်ပြီးတော့ ထွက်ပြေးသွားတယ်။ ဘာကြောင့်ပစ်လဲတော့ မသိဘူး” ဟု ပြောသည်။
နာရီစင်အနီးရှိ မီးပွိုင့်အနီးတွင်လည်း မပေါက်ကွဲသေးသည့် ဗုံးနှစ်လုံးတွေ့ရှိထားပြီး လမ်းများကို ရဲနှင့် စစ်ကောင်စီတပ်က စစ်ဆေးမှုလုပ်ကာ သွားလာမှုကိုလည်း ပိတ်ဆို့ထားသည်ဟု ဆိုသည်။
မူဆယ်မြို့သည် စစ်ကောင်စီအပါအဝင် ပြည်သူ့စစ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များဖြစ်သည့် တအာင်း TNLA ၊ ကချင် KIA ၊ ရှမ်း SSPP ၊ ကိုးကန့် MNDAA တို့ သွားလာသည့်ဒေသဖြစ်ပြီး ပစ်ခတ်မှု မကြာခဏ ဖြစ်ပွားနေသည်။
ပြီးခဲ့သော ဖေဖော်ဝါရီလ ၂ ရက်နေ့ကလည်း မူဆယ်မြို့တော်ခန်းမအနီး ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး ရဲအရာရှိတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
အလားတူ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့က ပန်ခမ်းတံတားအနီးရှိ စစ်ကောင်စီဂိတ်ကို သေနတ် သမားက ဝင်ရောက်ပစ်ခတ်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ကိုဖုန်းဆိုသူသေဆုံးခဲ့သည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ