သရုပ်ဆောင် ဒါရိုက်တာ အကယ်ဒမီသီဟတင်စိုး နှလုံးရောဂါဖြင့် ကွယ်လွန်

By ဝေဟင်စိုး(မဇ္ဈိမ)
21 February 2023
သရုပ်ဆောင် ဒါရိုက်တာ အကယ်ဒမီသီဟတင်စိုး နှလုံးရောဂါဖြင့် ကွယ်လွန်

တော်လှန်ရေးဇာတ်ကားများဖြင့် ပရိသတ်အခိုင်အမာရရှိခဲ့သော သရုပ်ဆောင် ဒါရိုက်တာ အကယ်ဒမီ သီဟတင်စိုးသည် ယနေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် နှလုံးရောဂါဖြင့် ကွယ်လွန်သွား  ကြောင်း သိရသည်။

သီဟတင်စိုးသည် ကွယ်လွန်ချိန်တွင် အသက်(၅၅)နှစ်အရွယ်ရှိပြီဖြစ်ကာ နှလုံးရောဂါကြောင့် ၎င်းနေထိုင် ရာ သာကေတမြို့နယ်နေအိမ်မှ သင်္ကန်းကျွန်းစံပြဆေးရုံသို့ပို့ဆောင်စဉ် လမ်းတွင်သေဆုံးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

“အမောဖောက်လာလို့ ဆေးရုံတင်ဖို့ဖုန်းဆက်လို့ ဝေဠုကျော်ဖောင်ဒေးရှင်းက သွားရောက်ကူညီခဲ့တာ။ စံပြဆေးရုံကိုပို့တဲ့အချိန်မှာပဲ လမ်းမှာတင်ဆုံးသွားပါတယ်။ သူ့ (သီဟတင်စိုး)‌ ရုပ်အလောင်းကို ဘယ်မှာ ထားမယ်ဆိုတာတော့မိသားစုရဲ့သဘောဆန္ဒပါ၊ လောလောဆယ်တော့ မသိရသေးပါဘူး”ဟု သီဟတင်စိုး နှင့်နီးစပ်သူ အနုပညာရှင်တစ်ဉီးက ဆိုသည်။

“ထပ်ဆင့်အကယ်ဒမီ ကိုသီဟတင်စိုး နှလုံးရောဂါနဲ့ ယနေ့ကွယ်လွန်သွားကြောင်းသိရလို့  ကျန်ရစ်သူ မိသားစုဝင်တွေနဲ့အတူ အထူးဝမ်းနည်းစိတ်မကောင်းဖြစ်ရပါတယ်။ သွားနှင့်တော့ကိုသီဟရေ။ အကိုနဲ့ ချိန်းထားတာတောင် မတွေ့ဆုံရတော့ဘူးပေါ့။ ကောင်းရာသုဂတိလားပါစေ။ ပြုမိသမျှကုသိုလ် အမျှဝေ လိုက်ပါတယ်။ သာဓုခေါ်ပါ အကို။" ဟု ဝေဠုကျော်ဖောင်ဒေးရှင်းက လူမှုကွန်ရက် ဖေ့စ်ဘုတ်စာမျက်နှာမှ အသိပေးမျှဝေထားသည်။

အကယ်ဒမီသီဟတင်စိုးသည် ၂၀၀၀ ပြည့်နှစ်က ငရဲသားရုပ်ရှင်ဇာတ်ကားဖြင့် သရုပ်ဆောင်ဆုနှင့် ဒါရိုက် တာဆုကို ပူးတွဲရရှိခဲ့သူဖြစ်သည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required