အာဖဂန်နိုင်ငံသားများအား ဗီဇာ ထုတ်မပေးရန် ပါကစ္စတန်နိုင်ငံခြားရေးဌာနက ဥရောပရှိ သံရုံးများကို ညွှန်ကြားထား

By ANI
21 February 2023
အာဖဂန်နိုင်ငံသားများအား ဗီဇာ ထုတ်မပေးရန် ပါကစ္စတန်နိုင်ငံခြားရေးဌာနက ဥရောပရှိ သံရုံးများကို ညွှန်ကြားထား

ဆွီဒင်နေထိုင်ခွင့်ကတ်အတုကိုင်ဆောင်ထားသူ အာဖဂန်နိုင်ငံသား ၁ ၆၀၀ အား ပါကစ္စတန်ဗီဇာထုတ်ပေးမှု အရှုပ်တော်ပုံ ဖြစ်ပွားပြီးနောက် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက အာဖဂန်နိုင်ငံသားများအား ဗီဇာ ထုတ်မပေးရန် ဥရောပရှိ ၎င်းတို့ သံရုံးများကို ညွှန်ကြားလိုက်သည်။

ဆွီဒင်ရှိ ပါကစ္စတန်ရုံးက ဆွီဒင်နေထိုင်ခွင့်ကတ်အတုကိုင်ထားသူ အာဖဂန်နိုင်ငံသား ၁ ၆၀၀ ကို ဗီဇာထုတ်ပေးသည့်ကိစ္စအပေါ် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက  စတင်စုံစမ်းခဲ့သည်။

ထိုသတင်းများ ထွက်ပေါ်လာပြီးနောက် ပါကစ္စတန်နိုင်ငံခြားရေးရုံးက ၎င်းဖြစ်ရပ်ကို သတိပြုမိခဲ့ကာ ချက်ချင်း စုံစမ်းစစ်ဆေးရန် အမိန့်ထုတ်ပြီး အာဖဂန်နိုင်ငံသားများအား မည်သည့်ဗီဇာအမျိုးအစားကိုမှ မထုတ်ပေးရန် ပြည်ပရှိ ပါကစ္စတန်သံရုံးအားလုံးကို အမိန့်ထုတ်ထားသည်။

ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် အာဖဂန်သားများကို ပေးအပ်ထားသော ဗီဇာများအား ဖျက်သိမ်းရန်လည်း အမိန့်ထုတ်ခဲ့သည်။
ပါကစ္စတန်စစ်တပ်သည် စပင်ဘိုးလ်ဒက်ဂ်-ချားမန်း နယ်စပ်ဂိတ်ကို ဖြတ်သန်းသွားလာနေသော အာဖဂန်နိုင်ငံသားများကို ညှဉ်းပန်းနှိပ်စက်ပြီး နှောင့်ယှက်နေကြောင်း အာဖဂန်နစ္စတန်အခြေစိုက် သတင်းဌာန Pajhwok Afghan News က မကြာသေးမီက ဖော်ပြခဲ့သည်။

ပါကစ္စတန်တပ်ဖွဲ့များသည် အာဖဂန်ခရီးသည်များကို အကြောင်းပြချက် အမျိုးမျိုးဖြင့် နာရီပေါင်းများစွာ စောင့်ဆိုင်းစေကာ ခြိမ်းခြောက်ငွေညှစ်ခဲ့ကြသည်ဟု ဆိုသည်။

အဆိုပါ ခရီးသွားအများစုမှာ ချားမန်း၊ ကတ်တာ၊ နယ်စပ်မျဉ်းတစ်ဖက်ရှိ ဒေသများနှင့် အာဖဂန်ရှိ ကန်ဒါဟားတွင် နေထိုင်သူများဖြစ်ကြသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly