ပါကစ္စတန်၏ လက်ရှိအကျပ်အတည်းနှင့် အကြမ်းဖက်မှုများက အစိုးရမူဝါဒအားနည်းချက်ကြောင့်ဟု လုံခြုံရေးဖိုရမ် ထောက်ပြ

By ANI
21 February 2023
ပါကစ္စတန်၏ လက်ရှိအကျပ်အတည်းနှင့် အကြမ်းဖက်မှုများက အစိုးရမူဝါဒအားနည်းချက်ကြောင့်ဟု လုံခြုံရေးဖိုရမ် ထောက်ပြ

ပါကစ္စတန်တွင် အဆင်မ်မူနား စစ်ဦးစီးချုပ်ဖြစ်လာပြီးနောက် နိုင်ငံအတွင်း တီရစ်-အီ-တာလီဘန်ပါကစ္စတန် (TTP) အဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှုများသည် အဆိုးရွားဆုံးသောစီးပွားရေးနှင့် နိုင်ငံရေးအကျပ်အတည်းကိုရင်ဆိုင်နေရသည့် ပါကစ္စတန်အတွက် အဓိက ပြဿနာကြီးဖြစ်လာပြီး ထိုသို့ဖြစ်ရခြင်းမှာ မူဝါဒဖွဲ့စည်းပုံတွင် လစ်ဟာမှုများရှိခြင်းနှင့် အာဏာရှိသူများက အကြမ်းဖက်မှုကို အထောက်အပံ့ပြုနေခြင်းကြောင့် ဖြစ်သည်ဟု နိုင်ငံတကာ လူ့အခွင့်အရေးနှင့် လုံခြုံရေးဖိုရမ် (IFFRAS) မှ ဖော်ပြထားသည်။ 

တီရစ်-အီ-တာလီဘန်ပါကစ္စတန် (TTP) နှင့် ၎င်း၏အဖွဲ့ဝင်များသည် ပြီးခဲ့သည့် ၃ လအတွင်း တိုက်ခိုက်မှုအကြိမ်ပေါင်း ၁၆၀ ပြုလုပ်ခဲ့ကာ လူပေါင်း ရာနှင့်ချီ၍ သေဆုံးခဲ့သလို ၎င်းဖြစ်ရပ်များက  အကြမ်းဖက်မှုတိုက်ဖျက်ရေးလုပ်ဆောင်မည့် နိုင်ငံကာကွယ်ရေးစနစ်၏ အားနည်းချက်များကို ပြသနေသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပါ့ရှ်ဝါရဲစခန်းဝင်းအတွင်းရှိ ဗလီတွင် ဝတ်ပြုနေကြစဉ်အတွင်း အသေခံ ဗုံးခွဲမှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၀၃ ဦး သေဆုံး၍ ၂၀၀ ခန့် ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ကို ကိုးကား၍ တိုရွန်တိုအခြေစိုက် အကျိုးအမြတ်မယူသော လွတ်လပ်သည့် အကြံပေးအဖွဲ့ IFFRAS က ဖော်ပြခဲ့သည်။ 

အဆိုပါ တိုက်ခိုက်မှုများကြောင့် ခိုင်ဘာပက်ခ်တွန်ခဝါပြည်နယ်တွင် ရွေးကောက်ပွဲများကို နှောင့်နှေးစေကြောင်း ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း၏ ပါတီက စစ်တပ်ကို အပြစ်တင်ခဲ့သည်။
ကဘူးလ်ကျဆုံးခြင်းနှင့် အာဖဂန်နစ္စတန်တွင် တာလီဘန် အာဏာရလာခြင်းအား နိုင်ငံ၏ အထက်တန်းလွှာများက အောင်ပွဲခံခဲ့ကြသည်ကို သတိချပ်သင့်သည်ဟု ဆိုသည်။

ပါကစ္စတန်ထောက်လှမ်းရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ်ဟောင်း ဒုတိယဗိုလ်ချုပ်ကြီး ဖိုက်ဇ်ဟာမိမှာ ပါကစ္စတန်အနီးနားအပါအဝင် ခိုက်ဘာပက်ခ်တွန်ခဝါပြည်နယ်တွင် TTP အဖွဲ့ဝင် ၄၀ ၀၀၀ မှ ၅၀ ၀၀၀ အကြားနှင့်  ၎င်းတို့၏ မိသားစုများအတွက် ပြန်လည်ထူထောင်ရေးကို ဦးဆောင်သူဖြစ်ကြောင်း ယူဆရသည်ဟု IFFRAS က ဖော်ပြထားသည်။

အဆိုပါ မူဝါဒဖွဲ့စည်းပုံ အကြီးအကျယ်မှားယွင်းခြင်းနှင့် အကြမ်းဖက်မှုကို ပါကစ္စတန်ထောက်ခံခြင်းကြောင့် အကျပ်အတည်းနှင့် အကြမ်းဖက်မှုများ ဖြစ်လာရပြီး ပါကစ္စတန်အနေဖြင့် အခြေအနေကို ပြင်ဆင်လိုပါက နှစ်ပေါင်း ၄၀ မှ ၅၀ ထက်မနည်း အချိန်ယူရမည်။
ဆယ်စုနှစ်များစွာအတွင်း ဖြစ်ပေါ်လာသည့် ဇာတ်ကြောင်းကို ပြောင်းပြန်လှန်ရန်မှာ အလွန်ခက်ခဲသည်ဟု IFFRAS က ဖော်ပြထားသည်။

 ဗလီများ၊ သင်တန်းကျောင်းများ၊ စာသင်ကျောင်းများနှင့် ကောလိပ်များတွင် ဖြစ်ပျက်နေသည့်အရာများကို အစိုးရက ထောက်ခံပေးရုံသာမကာ ၎င်းနောက်ကွယ်ရှိ သီးသန့်ရည်ရွယ်ချက်အတွက် အစိုးရဖွဲ့စည်းထားသည့် ဘာသာရေးအဖွဲ့များကလည်း ထောက်ခံကြသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly