မဲခေါင်မြစ် မူးယစ်နယ်မြေတွင် တရုတ်က လာအို၊ မြန်မာတို့နှင့် ကင်းလှည့်ထောက်လှမ်းခြင်းများ ချိတ်ဆက်ဆောင်ရွက်နေ

မဲခေါင်မြစ် မူးယစ်နယ်မြေတွင် တရုတ်က လာအို၊ မြန်မာတို့နှင့် ကင်းလှည့်ထောက်လှမ်းခြင်းများ ချိတ်ဆက်ဆောင်ရွက်နေ

မြန်မာ-လာအိုနယ်စပ် အထူးသဖြင့် မဲခေါင်ဒေသသည် အများစုနယ်မြေမှာ အထိန်းအချုပ်မဲ့ နယ်မြေများဖြစ်သည်။

ယင်းနယ်မြေဒေသများသည် မြေပြင်အနေအထား ကြမ်းတမ်းပြီး လက်နက်ကိုင်သူပုန်အုပ်စုများဖြင့် ပဋိပက္ခများရန်လိုရာ ဒေသလည်းဖြစ်သည်။ မဲခေါင်မြစ် ကမ်းနှစ်ဖက်စလုံး နယ်မြေများတွင် ဥပဒေဘောင်အပြင်ဖက်မှ အုပ်စုများက မူးယစ်ဆေးဝါးလုပ်ငန်းများကို တွင်တွင်ကျယ်ကျယ် လုပ်ကိုင်နေကြသည်။

ယင်းဒေသက ဥပဒေစိုးမိုးရေးဌာနအေဂျင်စီများအနေဖြင့်လည်း ငွေကြေးချို့ငဲ့ခြင်း၊ လေ့ကျင့်ရည် မပြည့်ဝခြင်းတို့ ရှိကာ ၎င်းတို့ ရရှိနိုင်သည့် ထောက်လှမ်းရေးသတင်းအချက်အလက်များကလည်း အိမ်နီးချင်းနိုင်ငံများသို့ အသိပေးလောက်အောင် အသုံးမတည့်နိုင်သည့် သတင်းအချက်အလက်များသာဖြစ်သည်။

၂၀၁၁ အောက်တိုဘာလအတွင်းက မဲခေါင်ဓားပြဟု တွင်သည့် နော်ခမ်းဦးဆောင်သော ဂိုဏ်းအဖွဲ့က တရုတ်သင်္ဘောသား ၁၃ ဦးအား သတ်ဖြတ်ပစ်ခဲ့သည်။ နော်ခမ်းအား လာအိုတွင် လက်ရဖမ်းမိပြီး တရုတ်သို့ လက်လွှဲပေးပို့ကာ ကွပ်မျက်ခြင်းခံခဲ့ရသည်။

ယင်းနောက်ပိုင်းတွင် တရုတ်လက်နက်တပ်စက်လှေများက မြစ်ညာအထိ ကင်းလှည့်ခြင်းများ ဆောင်ရွက်လာကာ တရုတ်နိုင်ငံခြုံရေးအတွက် နယ်စပ်များအလွန်အထိ ကင်းလှည့်ခြင်းများ လုပ်ဆောင်လာခဲ့သည်။ လာအိုနိုင်ငံ မောင်မွန်အရပ်တွင် မြစ်ကမ်းဘေးလုံခြုံရေးစခန်းရုံးတစ်ခုကိုလည်း တရုတ်နိုင်ငံက ဖွင့်လှစ်ထားရှိသည်။ ယင်းလုံခြုံရေးရုံးကို တရုတ်ပြည်သူ့လက်နက်ကိုင်ရဲတပ်ဖွဲ့၏ ယူနစ် ၂၅ ခုဖြင့် အစောင့်ကင်းလှည့်တာဝန်များကို ထမ်းဆောင်နေခြင်းဖြစ်သည်။

လာအိုနှင့် မြန်မာ အစောင့်တပ်ဖွဲ့များနှင့်လည်း လစဉ် ပူးတွဲကင်းလှည့်မှုများကို တရုတ်နိုင်ငံက ချိတ်ဆက်ဆောင်ရွက်လာခဲ့သည်။

၂၀၁၃ ခုနှစ်အတွင်း တရုတ်-လာအိုကင်းလှည့်မှုတွင် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂၁ သန်းရှိသော မက်သာဖက်တာမင်းဆေးပြား ၅၈၀ ကီလိုဂရမ်ကို ကုန်တင်သင်္ဘောဖြင့် ခိုးဝှက်သယ်ဆောင်လာခြင်းအား ဖော်ထုတ်တွေ့ရှိသည်။

တိုးမြှင့်ကင်းလှည့်ခြင်းအပြင် မဲခေါင်နိုင်ငံများအနေဖြင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးအတွက် ချိတ်ဆက်ပူးပေါင်းမှုနှင့် ထောက်လှမ်းရေးသတင်းအချက်အလက်များ ဖလှယ်ခြင်းများလည်း လိုအပ်နေကြောင်း မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး အာရှ-ပစိဖိတ်ရေးရာအကြီးအကဲ Jeremy Douglas က ပြောသည်။

တစ်ချို့နယ်မြေများမှာ လက်နက်ကိုင်သူပုန်များ ကြီးစိုးထားခြင်းကြောင့် ထောက်လှမ်းရေးသတင်းရနိုင်ရေးက လက်လှမ်းဝေးနေဆဲဖြစ်ကြောင်း ၎င်းက ပြောသော်လည်း ဒေါ်အောင်ဆန်းစုကြည် အစိုးရကမူ ၎င်းတို့နှင့် ချိတ်ဆက်လက်တွဲကာ ပိုမိုပူးပေါင်းဆောင်ရွက်မည်က ကျိန်းသေမျှော်လင့်ကြောင်း ပြောသည်။

မြစ်ကြောင်းပြောင်းလဲမှုကြောင့်ဖြစ်သော သောင်ထွန်းကျွန်းများတွင် မူးယစ်ဆေးဝါးများကို သိုဝှက်ထားကြခြင်းများရှိကြောင်း တောင်ဝင်ထိုင်းစစ်တပ်မှ ဗိုလ်မှူး ပတ်ပွန်က ပြောသည်။

သို့သော် လာအိုနိုင်ငံ ပြင်သစ်ကိုလိုနီဖြစ်ချိန်က သဘောတူစာချုပ်အရ ယင်းသောင်ထွန်းကျွန်းများက ကြားနယ်မြေအဖြစ် သတ်မှတ်ထားခံရခြင်းဖြစ်ရာ "ဒီသောင်ထွန်းကျွန်းတွေပေါ် ရှာဖွေခွင့် ကျွန်တော်တို့ မရဘူး။"ဟု ထိုင်းစစ်တပ်မှ ဗိုလ်မှူး ပတ်ပွန်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly