တရုတ်စီမံကိန်း များပြားလာမှုနှင့် အစိုးရ၏ မသိကျိုးကျွံပြုမှုကြောင့် ပါကစ္စတန်တွင် မတည်ငြိမ်မှုများဖြစ်ပွားနေ 

By ANI
20 February 2023
တရုတ်စီမံကိန်း များပြားလာမှုနှင့် အစိုးရ၏ မသိကျိုးကျွံပြုမှုကြောင့် ပါကစ္စတန်တွင် မတည်ငြိမ်မှုများဖြစ်ပွားနေ 

ပါကစ္စတန်တွင် တရုတ်စီမံကိန်း များပြားလာခြင်းနှင့် အစိုးရက စိုးရိမ်ပူပန်မှုမရှိခြင်းတို့ကြောင့် ဘာလို့ချ်တက်ကြွလှုပ်ရှားသူများနှင့် အစိုးရဆန့်ကျင်ရေး အစွန်းရောက်သမားများသာမက  ဆယ်ကျော်သက် လူငယ်များပါ ဆန္ဒပြလာကြသည်။ ၎င်းတို့သည် အကြမ်းဖက် တိုက်ခိုက်မှုများ စုပေါင်းလုပ်ဆောင်ရာတွင် ပါဝင်ပတ်သက်လာကြကြောင်း အခွင့်အရေးနှင့်လုံခြုံရေးဆိုင်ရာ နိုင်ငံတကာဖိုရမ် (IFFRAS) ၏ သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ပထမဆုံး အမျိုးသမီးတစ်ဦးအသေခံဗုံးခွဲသမားသည် ဘာလိုချီစတန်လွတ်မြောက်ရေးစစ်တပ်နှင့် ဆက်နွှယ်နေသည်။ ပါကစ္စတန်အစိုးရသည် ဘာလိုချီစတန်ပြည်သူများကို ဒုတိယတန်းစား နိုင်ငံသားများအဖြစ် နှစ်ပေါင်း ၇၀ ကျော် သဘောထားခဲ့သောကြောင့် ယခုကဲ့သို့ ခုခံလှုပ်ရှားမှုများ ပေါ်ပေါက်နေရခြင်းဖြစ်သည်။ 

ပါကစ္စတန်သူဌေးများသည် ဘာလိုချီစတန်မှ သဘာဝဓာတ်ငွေ့နှင့် ဓာတ်သတ္တုများဖြင့်  ပိုမို ချမ်းသာလာကြသော်လည်း ဘာလိုချီစတန်ဒေသခံများသည် မိမိတို့မြေယာအတွက် ပြောဆိုပိုင်ခွင့်မရှိသောကြောင့် ပိုမိုဆင်းရဲလာကြသည်ဟု IFFRAS က ဖော်ပြသည်။

ဘာလို့ချ်တက်ကြွလှုပ်ရှားသူများသည် ၎င်းတို့မြေများအား တရုတ်ကျူးကျော်မှုအပေါ် မကျေမနပ်ဖြစ်နေကြသည်။ ပါကစ္စတန်စစ်တပ်က အရင်းအမြစ်မှန်သမျှကို ယူကာ ဘာလို့ချ်တက်ကြွလှုပ်ရှားမှုများကို ပြင်းပြင်းထန်ထန် နှိမ်နင်းပြီး  နှုတ်ဆိတ်စေခဲ့သည်။ ပါကစ္စတန်အစိုးရသည် ဘာလိုချီစတန်၏ အရင်းအမြစ်များကို ရယူရန် တရုတ်နှင့် ပူးပေါင်းလျက်ရှိသည်။

တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံစီမံကိန်း (CPEC) သည် အပြောင်းအလဲတစ်ခုဟု ဆိုသော်လည်း စတင်အကောင်အထည်ဖော်ချိန်မှစ၍ ဘာလိုချီစတန်အတွက် အန္တရာယ် ဖြစ်နေခဲ့သည်။ ဒေသခံများသည် ဝင်ငွေရမည့်ရင်းမြစ်အားလုံး ဆုံးရှုံးနေပြီး တရုတ်က CPEC  စီမံကိန်း အကြောင်းပြချက်ဖြင့် ဂွါဒါဆိပ်ကမ်းကို ထိန်းချုပ်ထားသောကြောင့် ရေလုပ်သားများမှာ ငါးဖမ်းခွင့် မရတော့ပေ။ အစိုးရသည် ပြည်သူများ၏ စားဝတ်နေရေးကိစ္စရပ်များကို ၎င်းတို့နှင့် သက်ဆိုင်သည်ဟု မယူဆကြောင်း IFFRAS က ဖော်ပြသည်။

ဘာလိုချီစတန်တွင် ရွှေ၊ ငွေနှင့် ကြေးနီတူးဖော်သည့် တရုတ်ကုမ္ပဏီ Metallurgical Construction Company (MCC) သည် ၂၀၂၁ ခုနှစ်တွင် အမြတ်ငွေ အမေရိကန်ဒေါ်လာ ၇၅ သန်းရရှိခဲ့သည်။ အဆိုပါဒေသသည် တရုတ်နိုင်ငံအတွက် အကျိုးအမြတ်ရရန် အလျင်မြန်ဆုံးနည်းလမ်းဖြစ်သည်။
ပါစ္စတန်အစိုးရသည် စီမံကိန်းမှ အကျိုးအမြတ်အနည်းငယ်သာရပြီး ဘာလိုချီစတန်မှာ လုံးဝမရရှိပေ။ သတ္တုတူးဖော်သည့်မြေနေရာများ ပိုမိုကျယ်ပြန့်လာသောကြောင့် မြေများ ထပ်မံပျက်စီးပြီး ဒေသခံများသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘေးအန္တရာယ်များကို ကြုံတွေ့နေရသည်။

ဘာလိုချီစတန်တွင် မိမိကိုယ်ကို သတ်သေမှုနှုန်းမှာလည်း  တစ်ဟုန်ထိုး မြင့်တက်နေသည်။ ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် ရေလွှမ်းမိုးမှုများကြောင့် ဘာလိုချီစတန်ပြည်နယ်တစ်ခုတည်းရှိ လူ ၁ ဒသမ ၃ သန်းသည် နေအိမ်များကို စွန့်ခွဲခဲ့ရသည်။ စိုက်ပျိုးမြေဧက ထောင်နှင့်ချီ ပျက်စီးခဲ့ပြီး တိရစ္ဆာန် ၅၀၀ ၀၀၀ ခန့် သေဆုံးခဲ့သည်။

အစိုးရသည် ဘာလိုချီစတန်အား တခြားနေရာများမှ ဂျုံဝယ်ခွင့်မပြုသလို  ဘာလိုချီစတန်သည် ပြီးခဲ့သည့် ၃ လအတွင်း အခြေခံအဆောက်အအုံ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးအတွက် နိုင်ငံဘဏ္ဍာရေးကော်မရှင် (NFC) ထံမှ ၎င်း၏ ဝေစု ပါကစ္စတန်ရူပီး ၁၁ ဘီလီယံကိုလည်း မရရှိခဲ့ပေ။  အစိုးရသည် ဘာလို့ချ်ဒေသခံများအပေါ် ပြောင်ပြောင်တင်းတင်း ခွဲခြားဆက်ဆံခြင်းကို ဖုံးကွယ်ရန်ပင် မကြိုးစားခဲ့ပေ။  
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly