ပါကစ္စတန်ကလေး ၄၂ ရာခိုင်နှုန်းကျော် အာဟာရချို့တဲ့မှုကြောင့် ဖွံ့ဖြိုးမှု နှေးကွေးနေ

By ANI 
18 February 2023
ပါကစ္စတန်ကလေး ၄၂ ရာခိုင်နှုန်းကျော် အာဟာရချို့တဲ့မှုကြောင့် ဖွံ့ဖြိုးမှု နှေးကွေးနေ

ပါကစ္စတန်၌ စားနပ်ရိက္ခာမလုံလောက်မှု မြင့်တက်လာချိန်တွင် ကလေးသူငယ် ၄၂ ရာခိုင်နှုန်းကျော်သည် ဖွံ့ဖြိုးကြီးထွားမှု နောက်ကျနေကြောင်း ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) မှ တာဝန်ရှိသူများက ထုတ်ပြန်သည့် စာရင်းဇယားကို ကိုးကား၍ The Express Tribune သတင်းဌာနက ဖေဖော်ဝါရီ ၁၁ ရက်တွင် ဖော်ပြသည်။

ယောက်ျားလေး ၉ ဒသမ ၄ ရာခိုင်နှုန်းနှင့် မိန်းကလေး ၉ ရာခိုင်နှုန်းသည် အဝလွန်ခြင်း ပြဿနာကို ခံစားနေကြရပြီး ယောက်ျားလေးငယ် ၂၀ ဒသမ ၅ ရာခိုင်နှုန်းနှင့် မိန်းကလေးငယ် ၂၀ ဒသမ ၇ ရာခိုင်နှုန်းမှာလည်း အဝလွန်နေကြောင်း UNICEF ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ယောက်ျားလေးငယ် ၁၂ ဒသမ ၆ ရာခိုင်နှုန်း နှင့် မိန်းကလေးငယ် ၁၂ ဒသမ ၁ ရာခိုင်နှုန်းမှာလည်း ဆီးချိုရောဂါခံစားနေရသည်ဟု ဆိုသည်။

ဥက္ကဋ္ဌ ရိုမီနားကာရှဒ်အလမ် ကြီးမှူးသော အစည်းအဝေးတစ်ခု၌ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက် ပန်းတိုင်ဖြစ်သော ငတ်မွတ်ခေါင်းပါးမှု ပပျောက်ရေးအတွက် ဆန်းစစ်မှုများ ပြုလုပ်ခဲ့ကြသည်။ တာဝန်ရှိသူများက ပါကစ္စတန်ရှိ ကလေးများ၏ ကျန်းမာရေးအခြေအနေများကို ပါလီမန်အထူးအဖွဲ့သို့ တင်ပြခဲ့ကြသည်။

ပန်ဂျပ်ပြည်နယ်ရှိ ကျောင်းများအနီးတွင် ဆိုဒါ၊ အားဖြည့်အချိုရည်များနှင့် ကျန်းမာရေးနှင့် မညီညွတ်သော အစားအစာများ ရောင်းချမှုကို တားမြစ်ထားသည်။

ပါကစ္စတန်တွင် နှစ်ပေါင်းများစွာ ညှိနှိုင်းဆောင်ရွက်ခဲ့သော်လည်း  အာဟာရချို့တဲ့မှုနှင့် စားနပ်ရိက္ခာမလုံလောက်မှုပြသနာမှာ နိုင်ငံအတွက် အရေးကြီးသောစိန်ခေါ်မှုတစ်ခု ဖြစ်လာပြီး ယိုင်နဲ့နေသော စီးပွားရေးအကျပ်အတည်းကြောင့်  ပြည်သူများ၏ ဆင်းရဲဒုက္ခမှာ ပိုမိုဆိုးရွားလာသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly