ဂီလ်ဂစ်ဘော်တစ္စတန်နှင့် ကက်ရှ်မီးယားတွင် ပြည်သူများ ဒုက္ခရောက်နေသော်လည်း ခေါင်းဆောင်များက မသိကျိုးကျွံပြုနေ

By ANI
18 February 2023
ဂီလ်ဂစ်ဘော်တစ္စတန်နှင့် ကက်ရှ်မီးယားတွင် ပြည်သူများ ဒုက္ခရောက်နေသော်လည်း ခေါင်းဆောင်များက မသိကျိုးကျွံပြုနေ

ဂီလ်ဂစ်ဘော်တစ္စတန်နှင့် ပါကစ္စတန်သိမ်းပိုက်ထားသော ကက်ရှ်မီးယားဒေသမှ ပြည်သူများသည် အကြမ်းဖက်မှုမှသည် စီးပွားရေးအကျပ်အတည်းအထိ ပြဿနာများ ကြုံတွေ့နေရသော်လည်း နိုင်ငံခေါင်းဆောင်များသည် ဒေသတွင်းပြဿနာများကို ဖြေရှင်းရန် ခေါင်းရှောင်နေကာ  အရေးမကြီးသော ကိစ္စများနှင့် အလုပ်ရှုပ်နေကြသည်ဟု Islam Khabar က ဖော်ပြသည်။

ပါကစ္စတန်သိမ်းပိုက်ထားသော ကက်ရှ်မီးယားဒေသရှိ အထက်တန်းကျောင်းတစ်ကျောင်းကို ပြီးခဲ့သည့် သီတင်းပတ်က အကြမ်းဖက်သမားများ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ကျောင်းများကို ဖျက်ဆီးကာ မိန်းကလေးငယ်များကို နှောင့်ယှက်ခဲ့ချိန်တွင် ကက်ရှ်မီးယားခေါင်းဆောင် ချောင်ဒရီသည် ကုလသမဂ္ဂ အကြီးတန်းအရာရှိများနှင့် တွေ့ဆုံကာ အလုပ်များနေခဲ့သည်ဟု သတင်းတွင် ဖော်ပြသည်။

“လူဆိုးဂိုဏ်းက ကျောင်းကို အကြမ်းဖက်ဝင်‌ရောက်ပြီး ကျောင်းမှာရှိသူအားလုံးကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ပါတယ်။ ရဲတွေကို ကျောက်ခဲနဲ့ပစ်ပြီး ဆရာမတွေကို ဓားနဲ့ထိုးတယ်။ တိုက်ခိုက်သူတွေထဲက တစ်ယောက်က သေနတ်နဲ့ ခြိမ်းခြောက် ကြိမ်းမောင်းတယ်။ ထိန်းချုပ်ရခက်တဲ့ အခြေအနေဖြစ်သွားပြီး အဲဒီဖြစ်ရပ်ပြီးကတည်းက ကလေးတွေနဲ့ မိဘတွေဟာ တုန်လှုပ်သွားခဲ့ကြတယ်” ဟု သတင်းတွင် ဖော်ပြထားသည်။

ဂီလ်ဂစ်ဘော်တစ္စတန်တွင် တရားဥပဒေစိုးမိုးရေး အခြေအနေပျက်ပြားကာ  ရာဇဝတ်မှုထူပြောလာပြီး စားနပ်ရိက္ခာနှင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ဆိုးရွားစွာ ဖြစ်ပေါ်နေသည်။ လူဦးရေ များပြားလာခြင်း၊ အရင်းအမြစ်များ မလုံလောက်ခြင်း၊ အလုပ်လက်မဲ့များလာခြင်းနှင့် ဆင်းရဲမွဲတေမှု များကြောင့် တစ်နေ့တခြား ရာဇဝတ်မှုများ များပြားလာကာ ဒေသခံများမှာ အကူအညီမဲ့လျက်ရှိသည်။ 

ဒေသတွင်းတွင် မိမိကိုယ်ကိုယ် သတ်သေသည့် ဖြစ်ရပ်များလည်း မြင့်တက်နေပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၂ ဦးတို့သည်  မိမိကိုယ်ကို သတ်သေခဲ့ကြသဖြင့် ဒေသခံအသိုင်းအဝိုင်းအကြား ကြောက်ရွံ့စိတ်များဖြစ်လာစေခဲ့သည်။
ဒေသတွင်း၌ ၂၀၀၅ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၂ ခုနှစ် ဇွန်လအတွင်း မိမိကိုယ်ကို သတ်သေမှု ၅၇၃ မှု ဖြစ်ပွားခဲ့သည်။ 

ပြည်နယ်အတွင်းရှိ ပညာရေးစနစ်သည်လည်း အကျပ်အတည်းဖြစ်နေပြီး ကလေး ၂၂ ရာခိုင်နှုန်းကျော် သည် ကျောင်းပြင်ပတွင် ရှိနေဆဲဖြစ်ကြောင်း Islam Khabar သတင်းတွင် ဖော်ပြထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly