ကျူးကျော်ဆိုတာ ဘာကို ခေါ်ပါသလဲ

ကျူးကျော်ဆိုတာ ဘာကို ခေါ်ပါသလဲ

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယူဇနဥယျာဉ်မှာနေတဲ့ ဦးနေလင်း ရေးလိုက်တဲ့ စာကို မဇ္ဈိမ စာဖတ်သူကဏ္ဍမှ လက်ခံ ရရှိခဲ့ပါတယ်။ သူရေးလိုက်တဲ့ စာထဲမှာ ရန်ကုန်မြို့ပြစီမံကိန်းရဲ့ အခြားစီမံကိန်းတွေလို ယုဇနဥယျာဉ်အိမ်ရာကိုလည်း စနစ်ကျန သေသပ်လှပတဲ့ အိမ်ရာတစ်ခု ဖြစ်စေလိုတဲ့အတွက် စေတနာနဲ့ ရေးလိုက်တဲ့စာလို့ ထင်မြင်မိတာကြောင့် ဖော်ပြပေးလိုပါတယ်။

သူဟာ ယုဇနဥယျာဉ်အိမ်ရာမှာ စတင်နေထိုင်ခွင့် ရကတည်းက နေထိုင်လာခဲ့တဲ့သူ ဖြစ်ပါ တယ်။ ကျပ်တည်းကျဉ်းမြောင်းပြီး ဆူညံလှတဲ့ ရန်ကုန်မြို့လည်ထက် မြစ်နဲ့နီးပြီး လေကောင်းလေ သန့်ရတဲ့ ကျယ်ဝန်းလှတဲ့ နေရာမျိုးမှာ နေထိုင်ရတာ ပင်စင်စားသူအဖို့ တိတ်ဆိတ်ငြိမ်သက်တဲ့ အတွက် အလွန် နေထိုင်လို့ကောင်းခဲ့ပါတယ်။ ဆီဝေ့ပြီး အဝါရောင်သန်းနေတဲ့ ရေကို သုံးစွဲရတာ ကလွဲရင် ကျန်တာတွေအကုန် အဆင်ပြေခဲ့ပါတယ်။ အခုအချိန်မှာ ရေကို ပိုက်လိုင်းတွေနဲ့ သွယ်ပြီး ရေမီတာနဲ့ ပေးတဲ့အတွက် ရေ အခက်အခဲကလည်း ပြေလည်သွားပါပြီ။ မပြေလည်တာကတော့ ကျူးကျော်ဆောက်လုပ်ပြီး ဈေးရောင်းချနေတဲ့ ဆိုင်ခန်းတွေဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့ ယုဇနအိမ်ရာဟာ အခြားနေရာဒေသတွေထက် အိမ်ခန်းငှားခ ဈေးနှုန်း အလွန်သက်သာ ပါတယ်။ ဒါပေမယ့် လူအချို့ဟာ အိမ်ငှားမနေကြဘဲ တိုက်တွေကြား လွတ်နေတဲ့ မြေနေရာတွေ လမ်းရှိတဲ့ နေရာတွေမှာ ဆိုင်ခန်းဆောက်လုပ်ပြီး ဈေးရောင်းရုံသာမက လူပါ နေထိုင်လာကြပါတယ်။ ကား ဆိုက်ကားနဲ့ လူတွေသွားလာတဲ့ လမ်းကို ပိတ်လုနီးပါး ဆောက်လုပ်ရောင်းချနေကြတဲ့အတွက် လူနဲ့ ယာဉ်တွေအတွက် အလွန်အန္တရာယ် များပါတယ်။ ဒီထက်ပိုဆိုးတာက ဒီဆိုင်ခန်းတွေဟာ လမ်းမီးတွေကတဆင့် လျှပ်စစ်ဓာတ်အားကို သွယ်ယူသုံးစွဲနေကြတာဟာ မီးထွန်းရုံတင်မက ချက်ပြုတ် စားသောက်တာ၊ တီဗွီစလောင်းတွေ အသုံးပြုနေတာကို လမ်းသွားလမ်းလာတိုင်း နေ့စဉ် တွေ့မြင်နေရတယ်လို့ ဆိုပါတယ်။ အိမ်သာကိုလည်း ဆိုင်းခန်းနားတွေမှာတင် ဆောက်လုပ် အသုံးပြု နေကြတဲ့အတွက် ကျန်းမာရေးနဲ့လည်း မညီညွတ်ဘူးလို့ ပြောပါတယ်။

အုပ်ချုပ်သူတွေအနေနဲ့ ဒီကိစ္စတွေကို ဘယ်လိုဆောင်ရွက်မလဲလို့ စောင့်ကြည့်နေပေမယ့် အခုအချိန်အထိ ဘာမှ မလုပ်သေးတာကို တွေ့ရတယ်လို့ ရေးပါတယ်။ တကယ်ဆိုရင် တာဝန်ရှိသူ တွေအနေနဲ့ သင့်တော်တဲ့ မြေနေရာမှာ စနစ်တကျ ဆိုင်ခန်းဆောက်လုပ်ပြီး နေရာချပေးသင့်ပါတယ်။ ယုဇနအနီးမှာ တဲသာသာ ဆောက်လုပ်နေထိုင်သူတွေကို ကျူးကျော်ဆိုပြီး ဘူဒိုဇာတွေနဲ့ ဖယ်ရှားတာ မြင်ဖူးပါတယ်။ အခု ဆိုင်ခန်းတွေကလည်း ကျူးကျော်တွေဖြစ်သလို တိုက်ရှေ့ မျက်နှာစာမှာ မြင်မ ကောင်းအောင် လမ်းပေါ်ရောက်တဲ့အထိ ဆိုင်ခန်းတွေ ဆောက်လုပ်နေကြတာဟာလည်း ကျူးကျော် တွေပါပဲ။ မြို့ပြင်ဖြစ်ဖြစ် မြို့လည်ဖြစ်ဖြစ် သတ်မှတ်ထားတဲ့ စည်းကမ်း ဥပဒေအတိုင်း တပြေညီ အရေးယူစေလိုပါတယ်။ ဆိုင်ခန်း စနစ်တကျ နေရာချထားပေးပြီး ရလာတဲ့ ဆိုင်ခန်းခတွေကို နယ်မြေဖွံ့ဖြိုးရေးအတွက် အသုံးပြုပေးစေလိုကြောင်း အကြံပြု ရေးသားလာတဲ့ စာကို ဖော်ပြလိုက်ရ ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly