ဗြိတိန် HSBC ဘဏ်က ပြည်ပရောက် ဟောင်ကောင်သားများထက် တရုတ်အကျိုးစီးပွားကို ဦးစားပေးနေကြောင်း လွှတ်တော်အမတ်များ ပြောကြား

By Reuters
17 February 2023
ဗြိတိန် HSBC ဘဏ်က ပြည်ပရောက် ဟောင်ကောင်သားများထက် တရုတ်အကျိုးစီးပွားကို ဦးစားပေးနေကြောင်း လွှတ်တော်အမတ်များ ပြောကြား

ဗြိတိန်ဘဏ် HSBC သည် ဘဏ်၏အကျိုးအမြတ်များကို ကာကွယ်ရန်နှင့် တရုတ်ကို မျက်နှာလို မျက်နှာရလုပ်ရန် တရုတ်၏ ဒီမိုကရေစီဆန့်ကျင်ရေးဖြိုခွင်းမှုများအပြီး ထွက်ပြေးလာသော ဟောင်ကောင်သားများအပေါ်  မတရားမှုများ ကျူးလွန်နေကြောင်း ဗြိတိန်အမတ်များက စွပ်စွဲလိုက်သည်။

ဗြိတိန် HSBC ဘဏ်သည် နိုင်ငံရပ်ခြားတွင် နေထိုင်သည့် ဟောင်ကောင်သားအချို့အား ဟောင်ကောင်ထောက်ပံ့ရေးရန်ပုံငွေ (MPF) တွင် ထည့်ဝင်ထားသော ပင်စင်ငွေများကို ထုတ်ယူခွင့်မပေးကြောင်း ဟောင်ကောင်ရေးရာ ပါတီစုံပါလီမန်အဖွဲ့က ပြောကြားခဲ့သည်။

"ဘဏ်အားလုံးလိုပဲ၊ ကျွန်တော်တို့ လုပ်ငန်းလုပ်ကိုင်နေတဲ့ ဒေသတွေရဲ့ ဥပဒေနဲ့ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့တွေရဲ့ ညွှန်ကြားချက်တွေကို လိုက်နာရပါတယ်" ဟု HSBC ၏ ပြောရေးဆိုခွင့်ရှိသူက ဖြေရှင်းချက်ပေးခဲ့သည်။
နိုင်ငံတော်လုံခြုံရေးဥပဒေကို ၂၀၂၀ ပြည့်နှစ်တွင် ပြဋ္ဌာန်းပြီးကတည်းက ထောင်နှင့်ချီသော ဟောင် ကောင်သားများသည် ဗြိတိန်တွင် ဘဝသစ်များ စတင်ခဲ့သည်။

ယင်းဥပဒေသည် အတိုက်အခံများ၏ လှုပ်ရှားမှုများ၊ ကန့်ကွက်မှုနှင့် မနာခံမှုတို့ကို ရာဇဝတ်မှုအဖြစ် သတ်မှတ် ခဲ့ပြီး ဒေသတွင်း ဒီမိုကရေစီရေးလှုပ်ရှားမှုများကို တိုက်ဖျက်သည့် တရုတ်၏ အဓိကလက်နက်ဖြစ်ကြောင်း ဝေဖန်သူများက အဓိပ္ပာယ်ဖွင့်ဆိုခဲ့သည်။

နိုင်ငံတော်လုံခြုံရေးဥပဒေအရ လူပုဂ္ဂိုလ်များသည် အင်အားကြီးပြည်ပနိုင်ငံများနှင့် ပူးပေါင်းမှု သို့မဟုတ် ခွဲထွက်ရန်ကြိုးပမ်းမှုတွင် အပြစ်ရှိကြောင်း သတ်မှတ်ခံရပါက နှစ်ရှည်ထောင်ဒဏ်များ ကျခံရနိုင်သဖြင့် ဗြိတိန်၏ ဖိတ်ခေါ်မှုကို လက်ခံခဲ့သော ဟောင်ကောင်သားများသည် ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။

အမြတ်ငွေ၏ သုံးပုံနှစ်ပုံခန့်ကို ဟောင်ကောင်တွင် ရရှိနေသည့် HSBC က လူ့အခွင့်အရေးချိုးဖောက်သည့် အကြောင်းပြချက်ဖြင့် သုံးစွဲသူအချို့၏ စာရွက်စာတမ်းများကို အသိအမှတ်ပြုရန် ငြင်းဆိုထားကြောင်း လွှတ်တော်အမတ်များက အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပင်စင်ရန်ပုံငွေများကို ထုတ်ယူခွင့်အထောက်အထားအဖြစ် ဗြိတိန်နိုင်ငံသား (နိုင်ငံရပ်ခြား) နိုင်ငံကူးလက်မှတ် များကို လက်မခံသည့် ဒေသဆိုင်ရာ စည်းမျဉ်းများကို လိုက်နာရခြင်းဖြစ်ကြောင်း HSBC က ပြောသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly