ရွာစဉ်အလိုက် စစ်ကြောင်းထိုး မီးရှ်ို့ခဲ့သည့် စစ်ကောင်စီတပ်ကို တကောင်း PDF မိုင်းဆွဲတိုက်ခိုက်၊စစ်သား ၁၀ဦးသေဟုဆို

By နောင်နောင် (မဇ္ဈိမ)
17 February 2023
ရွာစဉ်အလိုက် စစ်ကြောင်းထိုး မီးရှ်ို့ခဲ့သည့် စစ်ကောင်စီတပ်ကို တကောင်း PDF မိုင်းဆွဲတိုက်ခိုက်၊စစ်သား ၁၀ဦးသေဟုဆို

မဇ္ဈိမ။ ။သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ်တွင် ယနေ့ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီယာဉ်တန်းအား ရှေ့ထွက်မိုင်း၊ ပဒေသာမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံးသွားကြောင်း တကောင်း PDF တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

ခြောက်ဘီးကားသုံးစီးပါ စစ်ကောင်စီယာဉ်တန်းကို တကောင်းတိုက်နယ်၊ပေါ်တော်မှုကျေးရွာအနီးတွင် ရှေ့ထွက်မိုင်း သုံးလုံး၊ ပဒေသာမိုင်းနှစ်လုံးဖြင့် နံနက် ၅ နာရီ မိနစ် ၂၀ ခန့်က တိုက်ခိုက်ခဲ့ခြင်းဟုဆိုသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံးသွားပြီး အလောင်းများကို တကောင်းမြို့တွင်းမှ ကားဖြင့်လာရောက် သယ်ဆောင်သွားကြောင်း ဒေသခံများ၏ ပြောကြားချက်ကို ကိုးကား၍ တကောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - တကောင်း PDF က ပြောသည်။

“မိုင်းဆွဲပြီးတော့ သူတို့ကနေ ရမ်းသမ်းပစ်ပါတယ်။လက်နက်ငယ်နဲ့ အရင်ပစ်ပြီးနောက်မှ လက်နက်ကြီးနဲ့ ပစ်တာပါ။ပစ်တာက နာရီဝက်ကျော်ပါတယ်။ သူတို့တော်တော် အထိနာပါတယ်။အဲဒါကြောင့်လည်း တော်တော်လေး ပြန်ပစ်တာပါ” ဟု တကောင်း PDF တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

မိုင်းဆွဲတိုက်ခိုက်မှုအတွင်း
စစ်ကောင်စီတပ်၏ခြောက်ဘီးကား သုံးစီးအနက် တစ်စီးထိမှန်ပျက်စီးသွားကြောင်းသိရပြီး စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုနှင့် ပတ်သက်၍ မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုချက် မရသေးပေ။

ယနေ့တိုက်ခိုက်ခံရသော စစ်ကောင်စီတပ် စစ်ကားများသည် ထီးချိုင့်မြို့နယ်၊ မြတောင်ကျေးရွာ အထက်ပိုင်း၌ ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် အထိနာပြီး ပြန်ဆုတ်လာသော တပ်မ (၈၈)မှ စစ်ကြောင်းဟု သိရသည်။ယင်းစစ်ကြောင်းသည် ထီးချိုင့်မြို့နယ်နှင့် ကသာမြို့နယ်ရှိ ကျေးရွာများအား စစ်ကြောင်းထိုးပြီး ရွာစဉ်အလိုက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကလည်း သပိတ်ကျင်းမြို့နယ် တကောင်းတိုက်နယ် အတွင်းရှိ(၄)မိုင်ကျေးရွာမှ စစ်ကောင်စီအင်အား ၄၀ ခန့်ပါသည့် ၁၂ ဘီးကားကို တကောင်း ပကဖနှင့် Special 9-HPDF ပူးပေါင်းတိုက်ခိုက်ခဲ့ကြရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

ဒေသတွင်း တိုက်ပွဲများ ပြင်းထန်လာနိုင်၍ ပြည်သူများ စစ်ရေးသတ်ိရှ်ိကြရန်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ ထုတ်ပြန်ချက်များကို လိုက်နာကြရန် တကောင်း PDF က သတိပေးထားသည်။

စစ်ကိုင်းတိုင်းတွင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့အကြား နေ့စဉ်တိုက်ပွဲများ ဖြစ်ပွားနေကာ ဒေသခံများလည်း ရွာလုံးကျွတ် စစ်ဘေးတိမ်းရှောင်နေကြရဆဲ ဖြစ်သည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required