အင်ကြင်းစုကျေးရွာအနီး တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၂ ဦး ပြင်းထန်ဒဏ်ရာရ ၊ ဒေသခံ ၉,၀၀၀ ခန့် စစ်ရှောင်နေရ 

By လွှမ်းမိုး
16 February 2023
အင်ကြင်းစုကျေးရွာအနီး တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၂ ဦး ပြင်းထန်ဒဏ်ရာရ ၊ ဒေသခံ ၉,၀၀၀ ခန့် စစ်ရှောင်နေရ 

မဇ္ဈိမ။    ။ စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ်၊ အင်ကြင်းစုကျေးရွာ အထွက်တွင် စစ်ကောင်စီတပ်သားများကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ ၁၅ ရက် မွန်းလွဲ ၁ နာရီ အချိန်၌ အလစ်အငိုက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သခင်ဒေါင်းညို တပ်ဖွဲ့ထံမှ သိရသည်။ 

အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား နှစ်ဦး ကျည်ထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်း သခင်ဒေါင်းညိုတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။ 

“ အင်ကြင်းစု ကျေးရွာထဲကနေ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူလာတဲ့ စစ်ကောင်စီတပ်ကို လမ်းခုလတ် တစ်နေရာမှာ အလစ်အငိုက် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ စစ်ကောင်စီတပ်သား နှစ်ဦး ကျည်ထိမှန်ပြီး လှည်းပေါ် ပွေ့တင်သွားတာတွေ့ရတယ်။ သေမလား ရှင်မလားတော့ မသိရသေးဘူး ။ ကျနော်တို့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ကြာချိန် မိနစ် ၂၀ ခန့်ရှိပါတယ်ဗျ။ ထို့နောက် အင်မထီး ပျူရွာက စစ်သားတွေ တပ်ကူလာပြီး လက်နက်ကြီး ပစ်ကူတွေ ရောက်လာတဲ့အတွက် ကျနော်တို့ နောက်ဆုတ်လိုက်ရတယ်” ဟု ၎င်း သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူက ဆိုသည်။ 

ထိုတိုက်ပွဲကို သခင်ဒေါင်းညို အဖွဲ့နှင့် ဒေသခံ မဟာမိတ်တပ်ဖွဲ့တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

အဆိုပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် ပုလဲမြို့ အနောက်မြောက်ဘက် ကိုင်းတွင်းကျေးရွာကို ယနေ့နေ့လယ်ပိုင်း ၁၂ နာရီ အချိန်တွင် မီးတင်ရှို့ခဲ့ပြီး မင်းတိုင်ပင်ကျေးရွာကိုလည်း ယနေ့ညနေ ၃ နာရီ အချိန်မှ စ၍ မီးရှို့နေတာဖြစ်ကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။ 

ထို စစ်ကြောင်းများရန်ကြောင့် ပုလဲမြို့နယ်အတွင်းရှိ ကိုင်းတွင်း ၊ မင်းတိုင်ပင် ၊ အင်းကန် ၊ မြေနီကုန်း ၊ သပြေကုန်း ၊ ထန်းတောတိုက် စတဲ့ ကျေးရွာများမှ ဒေသခံပြည်သူ ၉,၀၀၀ ကျော်ခန့် စစ်ရှောင်နေရကြောင်း သိရသည်။ 

စာတည်း - သန်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required