ပါကစ္စတန်တွင် လောင်စာဆီပြတ်လပ်မှုကြောင့် ဆီဖြည့်ဆိုင်များ ပိတ်ထားရ

By ANI
16 February 2023
ပါကစ္စတန်တွင် လောင်စာဆီပြတ်လပ်မှုကြောင့် ဆီဖြည့်ဆိုင်များ ပိတ်ထားရ

ပါကစ္စတန်တွင် စီးပွားရေးကျဆင်းမှုကြောင့် လောင်စာဆီပြတ်လပ်နေကာ ပန်ဂျပ်ပြည်နယ် မြို့ကြီးများနှင့် မြို့ငယ်များရှိ ‌ဆီဖြည့်ဆိုင်များ ပိတ်ထားရကြောင်း Dawn သတင်းတွင် ဖော်ပြထားသည်။

လာဟိုး၊ ဂူရန်ဝါလာနှင့် ဖိုင်ဆာလာဘတ် စသည့် မြို့ကြီးများတွင် အခြေအနေဆိုးဟန်ရှိပြီး လောင်စာဆီ‌ရောင်းချသည့် ကုမ္ပဏီများထံမှ ဆီမရသောကြောင့်  စက်သုံးဆီဆိုင်အများအပြားတွင် ရက်ပေါင်းများစွာ ဆီပြတ်လပ်လျက်ရှိသည်။

"လာဟိုးမြို့မှာ စုစုပေါင်း ဆီအရောင်းဆိုင် ၄၅၀ ထဲက ၇၀ လောက်မှာ ဆီပြတ်သွားတယ်။ ရှဒါရာ၊ ဝါဂါဟ်၊ လစ်တန်လမ်းနဲ့ ဂျိန်းမန်ဒရာ ဒေသတွေမှာလည်း  ဆီမရှိတော့လို့ ဆီဖြည့်ဆိုင်တွေ ပိတ်ထားရတယ်" ဟု ပါကစ္စတန် လောင်စာဆီဖြန့်ဖြူးရေးအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ခါဝါဂျာအတစ်ဖ် က Dawn သို့ ပြောကြားခဲ့သည်။

ပါကစ္စတန်နိုင်ငံရှိ မြို့ကြီးအများအပြားတွင် လောင်စာဆီမှာ အကန့်အသန့်ဖြင့်သာ ရှိကြောင်း  ဒေသတွင်း သတင်းများက ဖော်ပြသည်။ ဆီဆိုင် အများစုကို ပိတ်ထားရပြီး ဆိုင်အနည်းငယ်သာဖွင့်၍ အကန့်အသတ်ဖြင့်သာ ရောင်းချပေးသောကြောင့် ဆီဆိုင်များတွင် ကားနှင့် ဆိုင်ကယ်များ အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းနေကြရသည်။

ပါကစ္စတန်ရှိ ရေနံကုမ္ပဏီများသည် စီးပွားရေးအကျပ်အတည်းနှင့် ငွေကြေးတန်ဖိုးကျဆင်းမှုကြောင့် ပြိုကျလုနီးပါး ဖြစ်နေသည်။ 
ပါကစ္စတန်တွင် ငွေပေးချေမှုပြဿနာများလည်းရှိနေပြီး  ရူပီးတန်ဖိုးကျဆင်းမှုကြောင့် သွင်းကုန်များ၏ ကုန်ကျစရိတ်မြင့်တက်မှုကို ရင်ဆိုင်နေရသည်။

ပါကစ္စတန်သည် နိုင်ငံစတင်ဖွဲ့စည်းသည့် ၁၉၄၇ ခုနှစ် နောက်ပိုင်းတွင် အဆိုးရွားဆုံး စီးပွားရေး အကျပ်အတည်း ၏ ကနဦးကာလကို ရင်ဆိုင်နေရသည်ဟု Geo-politik သတင်းတွင် ဖော်ပြထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly