နိုင်ငံခြားသား တိုက်စစ်မှူးတစ်ဦး ထပ်မံခေါ်ယူရန် ဇေယျာရွှေမြေစီစဉ်

နိုင်ငံခြားသား တိုက်စစ်မှူးတစ်ဦး ထပ်မံခေါ်ယူရန် ဇေယျာရွှေမြေစီစဉ်

မတ် ၁၆၊ ရန်ကုန် ။             ။ စစ်ကိုင်းတိုင်းဒေသကြီးကိုယ်စားပြု ဇေယျာရွှေမြေအသင်းမှာ မြန်မာနေရှင်နယ်လိဂ်ရာသီဝက်အပြောင်းအရွှေ့ ဈေးကွက်တွင်နိုင်ငံခြားသားတိုက်စစ်မှူး တစ်ဦးခေါ်ယူ အားဖြည့်ရန်စီစဉ်နေသည်။

ဇေယျာရွှေမြေအသင်းမှာလက်ရှိအချိန်တွင် နိုင်ငံခြားသားကစားသမားများအဖြစ် အင်ဒိုနီးရှားနောက်ခံလူ ဒီဒီ၊ နိုက်ဂျီးရီးယားနောက်ခံလူ အီဘရာဟင်နှင့် ကော်စတာရီကာတိုက်စစ်မှူး ဗစ်တာတို့ကို ခေါ်ယူအားဖြည့်ထားသော်လည်း ရလဒ်များဆိုးရွားနေသဖြင့် ကစားသမားထက်မံအားဖြည့်ရန်စီစဉ်နေခြင်းဖြစ်သည်။

နိုင်ငံခြားသား တိုက်စစ်မှူးခေါ်ဖို့ အသင်းဘုတ်အဖွဲ့ကို တင်ပြပြီးပါပြီ။ လက်ရှိကစားသမားတွေ ထဲကလျှော့မလား၊ ကစားသမားသစ်ခေါ်မလား ဆိုတာမဆုံးဖြတ်ရသေးပါဘူး။ ပြည်တွင်း ကစားသမားတွေ ထဲကလည်းခေါ်ယူဖို့ ဆက်သွယ်ထားတာတွေရှိပါတယ်။ဟု ဇေယျာရွှေမြေအသင်း မီဒီယာတာဝန်ခံ ကိုကျော်ကျော်မိုးကပြောသည်။

ဇေယျာရွှေမြေအသင်းမှာ ယခုနှစ်ဘောလုံးရာသီအစပိုင်းတွင်ရလဒ်များကောင်းမွန်ခဲ့သော်လည်း နောက်ပိုင်းတွင်ရလဒ်ဆိုးရွားလာကာ နောက်ဆုံးသုံးပွဲဆက်ရှုံးနိမ့်ထားသည်။

ရာသီဝက်အပြောင်းအရွှေ့ ဈေးကွက်အတွင်း ဇေယျာရွှေမြေအသင်းမှ လက်ရွေးစင်ကစားသမား ရန်နိုင်ဦးမှာလည်း အသင်းပြောင်းရွှေ့မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly