ခင်ဦးမြို့နယ် ကျေးရွာများအား စစ်ကောင်စီတပ်က မီးရှို့နေ၍ ဒေသခံ ၇,၀၀၀ ကျော် ထွက်ပြေးနေရ

ခင်ဦးမြို့နယ် ကျေးရွာများအား စစ်ကောင်စီတပ်က မီးရှို့နေ၍ ဒေသခံ ၇,၀၀၀ ကျော် ထွက်ပြေးနေရ

မဇ္စျိမ။ ။ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ခင်ဦးမြို့နယ် ကျေးရွာများတွင်၊ နေအိမ်များမီးရှို့ခံနေရသဖြင့်၊ ထောင်နှင့်ချီသည့်အရပ်သားပြည်သူများ၊ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများထံက သိရသည်။

“ပြီးခဲ့တဲ့ ၁၁ ရက်နေ့ကစပြီးမီးရှို့ခံနေရတာ၊ နှစ်ရက်အတွင်း ရွာခုနစ်ရွာပြောင်သွားတယ်၊ အခု ခင်ဦးအရှေ့ခြမ်း မြောက်ခြမ်း နောက်ပြီးတော့ ခင်ဦးအရှေ့တောင်ခြမ်း၊ အဲဒီဘက်က လူခုနစ်ထောင်ကျော် စစ်ဘေးရှောင် နေရတယ်” ဟု ခင်ဦးဒေသခံတစ်ဦးကပြောသည်။

စစ်ဘေးရှောင်ပြည်သူများတွင်၊ ရင်ခွင်ပိုက်ကလေးများ၊ သက်ကြီးရွယ်အိုများအပြင်၊ ကိုယ်၀န်ဆောင်နှင့် ကလေးမွေးပြီးစ အမျိုးသမီးများပါ ပါ၀င်ကြောင်းသိရပြီး၊ ၎င်းတို့အတွက် စားစရာ နေစရာနှင့်အ၀တ်အထည်များ အရေးတကြီးလိုအပ်နေသဖြင့် အကူအညီပေးကြရန် ဒေသခံများက တောင်းဆိုနေကြသည်။

စစ်ကောင်စီသည် ခင်ဦးမြို့နယ်အား၊ အာဏာသိမ်းမှု နှစ်နှစ်ပြည့်သည့် ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် စစ်အုပ်ချုပ်ရေးကြေညာခဲ့သည်။

ထို့နောက် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင်၊ အင်အား ၇၀ ၀န်းကျင်ဖြင့် ရေဦးမြို့ကတစ်ဆင့် ခင်ဦးမြို့နယ်ထဲ စစ်ကြောင်းထိုး၀င်လာပြီး၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မင်းကံကြီးကျေးရွာအား ကျေးရွာစာသင်ကျောင်းပါမကျန် မီးရှို့ဖျက်ဆီးပစ်ခဲ့ကြောင်း ဒေသတွင်းသတင်းများက ဆိုသည်။

“အဲဒီနေ့က မင်းကံကြီးရွာကို မ၀င်ခင်မှာ၊ ရွာသားတွေရဲ့ယာယီတဲတွေကိုပါမီးရှို့သွားတယ်၊ အဲဒီတဲတွေက အိမ်မီးရှို့ခံရလို့၊ ထန်းရွက်တွေနဲ့ယာယီဆောက်ထားတဲ့တဲတွေပါ၊ အဲဒါတွေကိုပါ မီးရှို့သွားတာ၊ အခု အဲဒီလူတွေရောဆိုရင် စစ်ဘေးဒုက္ခသည် ၈,၀၀၀ လောက်ကိုရှိနေပြီ၊ တချို့လည်း ရွှေဘိုအထိ ထွက်ပြေးလာကြတာပေါ့” ဟု ရွှေဘိုမြို့ခံတစ်ဦးက ပြောသည်။

ဖေဖော်ဝါရီလ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ပင်တင်း၊ ညောင်ကန်၊ ကွမ်းတိုင်း၊ မင်းကံကြီးကျေးရွာများအား စစ်ကြောင်းထိုး၀င်ရောက်ခဲ့သည့် စစ်ကောင်စီတပ်သည်၊ ဒေသခံများ၏ စားရေရိက္ခာများအား သိမ်းယူသွားပြီး၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင်၊ အိမ်ခြေ ၄၀၀ ၀န်းကျင်ရှိသည့် မင်းကံကြီးကျေးရွာသို့၀င်ရောက်ကာ စာသင်ကျောင်းအပါအ၀င် နေအိမ် ၄၀ ခန့်ကိုမီးရှို့သွားကြောင်း၊ နေ့လယ်ပိုင်းတွင် အိမ်ခြေ ၃၀၀ ကျော်ရှိသော၊ လက်ပံလှကျေးရွာသို့၀င်ရောက်ပြီး နေအိမ် ၁၀၀ ကျော်ကို မီးဆက်ရှို့ကြောင်း၊ ထိုမှတစ်ဆင့် အိမ်ခြေ ၆၀၀ ခန့်ရှိသော လောင်းရှည်ကျေးရွာသို့၀င်ရောက်ပြီး ရွာလုံးကျွတ်နီးပါးအား မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ခင်ဦးမြို့နယ်တွင်၊ စစ်ကောင်စီတပ်၏ မီးရှို့မှုကြောင့်၊ စစ်အာဏာသိမ်းသည့်နှစ်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလအထိ၊ ကျေးရွာ ၆၃ ရွာမှ နေအိမ် ၃,၇၀၀ ခန့်ဆုံးရှုံံးခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန် ပြန်ကြားရေးက ဖော်ပြထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly