မြေစာပုံပြိုကျ၍  ရေမဆေးကျောက်ရှာဖွေသူ ၁၀ ဦးထက်မနည်း ပျောက်ဆုံး၊ သေဆုံးသူ ၆ ဦးထိရှိလာ

By အဂမ်
14 February 2023
မြေစာပုံပြိုကျ၍  ရေမဆေးကျောက်ရှာဖွေသူ ၁၀ ဦးထက်မနည်း ပျောက်ဆုံး၊ သေဆုံးသူ ၆ ဦးထိရှိလာ

မဇ္ဈိမ။      ။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊  လုံးခင်းကျေးရွာအုပ်စု၊  ကုဋေမှော်ရှိ နေမင်းကမ္ဘာလုပ်ကွက်တွင် ဖေဖော်ဝါရီလ ၁၂ ရက် ည ၁၀ နာရီကျော်အချိန်ခန့်က လုပ်ကွက်ဟောင်းမြေစာပုံ ပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူ ၁၀ ဦး ထက်မနည်း ပျောက်ဆုံးနေပြီး ကူညီကယ်ဆယ််မှုများ ပြုလုပ်ရာ ရုပ်အလောင်း ခြောက်လောင်းကို ရှာဖွေတွေ့ရှိထားသည်ဟု ကယ်ဆယ်ရေးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“၁၂ ရက်နေ့ညက မြေစာပုံလျှောကျခဲ့တာလို့ သိရတယ်။ မသေသေးတဲ့ ထိခိုက်သူတွေလည်း ရှိတယ်။ ရှာတွေ့ထားတဲ့အလောင်းတွေကိုတော့ ဖားကန့်ပြည်သူ့ဆေးရုံးကြီးကို ပို့ထားပြီ။ နောက်ပြီး ပျောက်နေသေးတဲ့ လူတွေလည်း ရှိတယ်ပြောလို့ ရှာတော့ရှာနေသေးတယ် ” ဟု ၎င်းကပြောသည်။

အမြင့်ပေ ၃၀၀ခန့်ရှိသည့် စွန့်ပစ်မြေစာပုံ ပြိုကျမှုကြောင့် ယခုကဲ့သို့ ထိခိုက်ရခြင်းဖြစ်ပြီး ယနေ့  ဖေဖော်ဝါရီလ ၁၄ ရက်နေ့အထိ ရှာဖွေကယ်ဆယ်မှုများ ပြုလုပ်နေကြောင်း သိရသည်။

လက်ရှိအချိန်ထိ ထိခိုက်ဒဏ်ရာရရှိသူ သုံးဦးကိုလည်း ဖားကန့်ပြည်သူ့ဆေးရုံးကြီးတွင် ဆေးကုမှုပေးထားကြောင်း သိရသည်။

ဖားကန့်ဒေသတွင် မြေစာပုံပြိုကျသဖြင့် ရေမဆေးကျောက်ရှာဖွေသူများ ထိခိုက်သေဆုံးမှု မကြာခဏ ဖြစ်ပွားနေခြင်း ဖြစ်သည်။

စာတည်း။  ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။   ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required