ပါကစ္စတန် ဂီလ်ဂစ်ဘော်တစ္စတန်တွင် လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိရေး ဆန္ဒပြတောင်းဆို

By ANI
14 February 2023
ပါကစ္စတန် ဂီလ်ဂစ်ဘော်တစ္စတန်တွင် လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိရေး ဆန္ဒပြတောင်းဆို

ပါကစ္စတန်ပိုင်နက် ကက်ရှ်မီးယားဒေသရှိ ဂီလ်ဂစ်ဘော်တစ္စတန်မှ ပြည်သူများသည် နိုင်ငံ၏စီးပွားရေးအကျပ်အတည်းများအကြား   လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများအပြင် ဆိုးရွားသော အခြေအနေများနှင့်  ရုန်းကန်နေကြရသည်။

ဂီလ်ဂစ်ဘော်တစ္စတန်မှ ဒေသခံများသည်  ပြီးခဲ့သည့် တစ်ပတ်လုံး လျှပ်စစ်မီးမရရှိဘဲ  အမှောင်ထဲတွင် နေထိုင်နေကြရကြောင်း ပြည်တွင်းမီဒီယာများက ဖော်ပြသည်။
ပြည်သူများက အစိုးရကို ပြင်းပြင်းထန်ထန် ကန့်ကွက်သည့် အနေဖြင့် လမ်းမပေါ်ထွက် ဆန္ဒပြခဲ့ကြရာ  ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့ပြီး လမ်းသွားလမ်းလာများ အခက်အခဲများစွာ ကြုံတွေ့နေရသည်။

လျှပ်စစ်ဓာတ်အား ပြန်လည်မရရှိပါက လာမည့်ဆန္ဒထုတ်ဖော်ပွဲများအတွင်း အဝေးပြေးလမ်းများကို ပိတ်ဆို့ထားမည်ဟု ဆန္ဒပြသူများသည် ပြင်းပြင်းထန်ထန် သတိပေးခဲ့ကြောင်း ပြည်တွင်း မီဒီယာများက ဖော်ပြသည်။
ဆန္ဒပြသူများသည် ငွေကြေးဖောင်းပွမှုနှင့် အလုပ်လက်မဲ့များ သိသိသာသာ မြင့်တက်လာမှုကို ဆန့်ကျင်ကန့်ကွက်နေကြခြင်းဖြစ်သည်။ 

ပါကစ္စတန်သည် စီးပွားရေးအကျပ်အတည်းနှင့် ရင်ဆိုင်နေရချိန်တွင် ယခုကဲ့သို့ ဆန္ဒပြပွဲများ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ရေကြီးမှုဒဏ်နှင့် နိုင်ငံ၏စားနပ်ရိက္ခာအကျပ်အတည်းဒဏ်ကိုခံနေကြရသော ပြည်သူများသည် ခေါင်းဆောင်အဆင့်ဆင့်၏ ညံ့ဖျင်းမှုအပေါ် နှစ်ရှည်လများ နှုတ်ဆိတ်နေခဲ့ကြရသည်။

တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံဟူသော အမည်အောက်၌ နှစ်နိုင်ငံစလုံးမှ စီးပွားရေးလုပ်ငန်းများသည် ‌ဒေသတွင်း သယံဇာတများကို အလုအယက် ရယူနေကြသည်။
ဂီလ်ဂစ်ဘော်တစ္စတန်မှ ဒေသခံများသည် စစ်တပ်မှ မြေနေရာများသိမ်းယူနေသည့်အတွက် ဒေသခံအုပ်ချုပ်ရေးအဖွဲ့နှင့်ဖက်ဒရယ်အစိုးရကို လက်နက်စွဲကိုင် ဆန့်ကျင်နေကြသည် ဟု The Times of Israel တွင် ဖော်ပြထားသည်။

ဂီလ်ဂစ်ဘော်တစ္စတန်ဒေသသည် လက်ရှိတွင် ဆိုးရွားသော ဘဏ္ဍာရေးအကျပ်အတည်းနှင့်ကြုံတွေ့နေရပြီး ဖက်ဒရယ်အစိုးရထံမှ ရန်ပုံငွေများ ရရှိရန်  ကြိုးပမ်းနေသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly