ရန်ကုန်မြို့တနေရာတွင် ကျောင်းသားလူငယ်များက “စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ဆီ ဦးတည်ကြ” စာတန်းချိတ်ဆွဲ

By ဂျူချန်း
11 February 2023
ရန်ကုန်မြို့တနေရာတွင် ကျောင်းသားလူငယ်များက “စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ဆီ ဦးတည်ကြ” စာတန်းချိတ်ဆွဲ

မဇ္ဈိမ ။ ။စစ်ကောင်စီမှ လုံခြုံရေးတင်းကြပ်ထားသည့် ရန်ကုန်မြို့တွင် “စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ဆီ ဦးတည်ကြ” ဆိုသည့် စာတန်းအားအခြေခံပညာကျောင်းသားလူငယ်များကချိတ်ဆွဲပြီး စစ်အာဏာရှင်တော်လှန်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ကြသည်။

ပြည်ထောင်စုအကြိုနေ့အထိမ်းအမှတ်အနေဖြင့် ရန်ကုန်မြို့တနေရာတွင် ယနေ့ (ဖေဖော်ဝါရီလ ၁၁ ရက်) ချိတ်ဆွဲခဲ့ခြင်းဖြစ်သည်။

“ ဒီနေ့မှာပဲချိတ်ဆွဲခဲ့ပါတယ်ခင်ဗျာ။ အခက်အခဲတွေကတော့ Scout(ကင်းထောက်)
ပိုင်းတွေမှာ အခက်အခဲအရမ်းရှိပါတယ်။ ကျွန်တော်တို့တွေက အခြေအနေကိုကြည့်ပြီးဝင်ရတာဖြစ်တဲ့အတွက် စစ်ကားရဲ့တည်နေရာတွေကိုသိဖို့လိုအပ်ပါတယ်။ အဲ့လိုမျိုးနေရာတွေမှာဆိုရင် ကျွန်တော်တို့ကပြည်သူတွေရဲ့ Scout Channelတွေအပေါ်ကို သတင်းပေးချက်တွေကို အထူးတလည်စောင့်ကြည့်ပြီး လှုပ်ရှားရတာမျိုးတွေလည်းရှိပါတယ်။Scout Channelတွေအပေါ်ကို ပြည်သူတွေရဲ့သတင်းပေးမှု အားလျော့လာခြင်းဟာ ကျွန်တော်တို့အတွက် အခက်အခဲဖြစ်စေပါတယ်ခင်ဗျာ" ဟုအမှတ်(၂) မရမ်းကုန်းမြို့နယ် အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံးမှ အဖွဲ့ဝင်လူငယ်တစ်ဦးက မဇ္ဈိမကို ပြောသည်။

အဆိုပါစာတန်းချိတ်ဆွဲမှုအား မရမ်းကုန်းမြို့နယ် အခြေခံပညာကျောင်းသားလူငယ်များ အစည်းအရုံး(မရမ်းကုန်း-အကလ)နှင့် အ.ထ.က(၂) အရှေ့ဒဂုံအခြေခံပညာ ကျောင်းသားလူငယ်များအစည်းအရုံး (အကလ)တို့ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် လူငယ်များအနေဖြင့် ရရာနေရာတွင် တိုက်ပွဲဝင်နေကြောင်းနှင့် ပြည်သူများဘက်မှလည်း တော်လှန်ရေးရဲဘော်များကို ပိုမို ပံ့ပိုးကာ စစ်မှန်သည့် ပြည်ထောင်စု မြန်မာနိုင်ငံဆီသို့ လက်တွဲညီညီ ချီတက်ကြရန် တိုက်တွန်းခဲ့သည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required