ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တည်သော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်ကို ကျောက်မျက်ရတနာများဖြင့် ဌာပနာပိတ်

By ရွှေနွယ်
11 February 2023
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တည်သော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်ကို ကျောက်မျက်ရတနာများဖြင့် ဌာပနာပိတ်

မဇ္ဈိမ။ ။စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တည်သော နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်ကို ရွှေ၊‌ ငွေကျောက်မျက်ရတနာများဖြင့် ဖေဖော်ဝါရီလ ၁၀ ရက် နံနက်ပိုင်းက ဌာပနာပိတ်ခဲ့သည်ဟု စစ်ကောင်စီလက်အောက်ခံ မီဒီယာများတွင် ဖော်ပြထားသည်။

နိုင်ငံတစ်ဝန်းလုံးရှိ ဌာပနာတော်ကုသိုလ်ရှင်များလှူဒါန်းထားရှိသော ရွှေထည် ၁,၃၅၀ကျပ်သား ၅ ဒသမ ၄ ရွေး၊ ၊ ကျောက်မျက်ရတနာပါ ရွှေထည်ပစ္စည်း ၁,၆၈၄ ကျပ်သား ၁၅ ပဲ ၁ ဒသမ ၆ရွေး၊ ကျောက်မျက်ရတနာပါ ငွေထည်ပစ္စည်း ၁၂၆ ပဲ ၅ ဒသမ ၁ ရွေး၊ ကျောက်မျိုးစုံ၊ ပုလဲမျိုးစုံ အပါအဝင် နိုင်ငံတကာမှ ငွေဒင်္ဂါးပြားများ စသည့်အဖိုးတန် ရတနာများကို ထည့်သွင်းဌာပနာခဲ့သည်ဟု ဆိုသည်။

အဆိုပါ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်သည် ကမ္ဘာတစ်ဝန်းလုံးတွင် အကြီးဆုံးနှင့် ဥာဏ်တော်အမြင့်ဆုံး အံ့ဖွယ်ရုပ်ပွားတော် ဖြစ်လာမည့်အတွက် နေပြည်တော်သို့ နိုင်ငံတကာခရီးသွား ဘုရားဖူးများ ပိုမိုဝင်ရောက်လာနိုင်ပါသောကြောင့် နေပြည်တော်ကို Green City Smart City အဖြစ် ပြင်ဆင်နေကြောင်းနှင့် ဟိုတယ်များမှလည်း နိုင်ငံတကာခရီးသွားများကို ဝန်ဆောင်မှုပေးနိုင်ရန် ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း စစ်ကောင်စီ၏အာဘော်ကို ထုတ်လွှင့်ပေးနေသည့် MRTV မှ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ထုတ်လွှင့်သွားခဲ့သည်။

အမေရိကန်အစိုးရ၏ travel.state.gov website တွင် မြန်မာနိုင်ငံကို ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့မှစတင်ကာ ခရီးသွားရန် မသင့်သောနိုင်ငံ အဆင့် (၄) အဖြစ်သတ်မှတ်ထားပြီး အာဏာသိမ်းပြီးနောက်ပိုင်းပြည်တွင်းရေး ပဋိပက္ခများကြောင့် မသွားကြရန်တားမြစ်ထားခြင်း ဖြစ်သည်။

ထို့အပြင် ဩစတြေးလျအစိုးရနှင့် ကနေဒါအစိုးရတို့ကလည်း ၎င်းတို့၏နိုင်ငံသားများ မြန်မာနိုင်ငံသို့ ခရီးသွားလာခြင်းမပြုလုပ်ကြရန် ညွှန်ကြားထားခဲ့သည်။

စစ်ကောင်စီသည် ထိုကဲ့သို့ ဘုရားတည်၍ နိုင်ငံတကာခရီးသွားများ ပိုများလာစေရန် မျှော်မှန်းထားသော်လည်း အာဏာသိမ်းပြီးချိန်မှစ၍ ၂၀၂၂ ခုနှစ် ဇွန်လ ၂၇ ရက်နေ့အထိ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ် နှင့်ကယားပြည်နယ်တို့တွင် ဘာသာရေး အဆောက်အအုံ ၁၃၂ ခုကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံများ၏ ပြောဆိုချက်၊ လူ့အခွင့်အရေးအဖွဲ့များ၏ ထုတ်ပြန်ချက်များအပေါ်အခြေခံ၍ RFA ကဖော်ပြထားသည်။

ထို့အပြင် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၅ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် ၊ချမ်းသာရွာရှိ ၁၂၈ နှစ် သက်တမ်းရှိ သမိုင်းဝင်ခရစ်ယာန်ဘုရားရှိခိုးကျောင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များကမီးရှို့ဖျက်ဆီးခဲ့‌သေးသည်။

 

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required