မြေပုံမြို့တွင် တပ်ပြေး ၂ ဦးက ပစ်သတ်၍ အရပ်သားသေဆုံး

By သူသူဇော်
10 February 2023
မြေပုံမြို့တွင် တပ်ပြေး ၂ ဦးက ပစ်သတ်၍ အရပ်သားသေဆုံး

(မဇ္ဈိမ)။   ။ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်တွင် စစ်ကောင်စီတပ်မှ  ထွက်ပြေးလာသည့် တပ်ပြေးနှစ်ဦးက ငါးဖမ်းစက်လှေအား လုယက်ပြီး  ငါးဖမ်းစက်လှေရှိ အလုပ်သမားကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည့်အတွက် အရပ်သားတစ်ဦး သေဆုံးခဲ့ကြောင်းသိရသည်။

ဖေဖော်ဝါရီလ ၇ ရက်နေ့ တွင် ထူးချေကျေးရွာသို့ တပ်မှ ပြေးလာသည်ဟုဆိုကာ  စစ်ဝတ်စုံအပြည့်ဖြင့်  စစ်သားနှစ်ဦး ရောက်ရှိလာခြင်းဖြစ်သည်။ယင်းနောက် ကျေးရွာအတွင်းတွင် တည်းခိုလိုသည်ဟု စစ်သားများက ပြောလာသည်တွင် ကျေးရွာသားများက ကျေးရွာအတွင်းတွင် နေထိုင်ခွင့်မပေးခဲ့ကြောင်း ထူးချေကျေးရွာသားများထံမှ သိရသည်။

“ကျနော်တို့ရွာမှာ တည်းလို့မရဘူး။ ကျနော်တို့လည်း တစ်ခုခုဆို အပြစ်လွတ်မှာ မဟုတ်ဘူး။ ခင်ဗျားတို့ နောက်တစ်ရွာကိုပဲ သွားလိုက်ပါလို့ ပြောထားလိုက်တယ်။ သူတို့နှစ်ယောက်က ဘာမှမပြောဘဲ ပြန်ထွက်သွားကြတာ” ဟု ကျေးရွာသားတစ်ဦးက ဆိုသည်။

ယင်းနောက် စစ်သားနှစ်ဦးမှာ ကျေးရွာမှထွက်သွားခြင်းဖြစ်ကာ နောက်တစ်နေ့ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင်  ဦးဇော်မင်းသိန်း၏ ငါးဖမ်းစက်လှေထဲ၌ ခိုးဝင်နေပြီး  စက်လှေပိုင်ရှင် ဦးဇော်မင်းသိန်းနှင့်  အလုပ်သမား ကို မောင်ဆန်းညွန့်တို့အား ခြိမ်းခြောက်ကာ အငှားသမားဖြစ်သည့် ကိုမောင်ဆန်းညွန့်မှာ ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ကျေးရွာသားတစ်ဦးကဆိုသည်။ 

“ စက်လှေကို ကျေးရွာသားတွေက မြစ်ပြင်မှာထားတာပါ ၊ ဆိုတော့ သူတို့ ခိုးဝင်နေတာကို မသိဘူး၊ သူတို့ နံနက်ပိုင်းကျတော့ အငှားသမားနဲ့ နှစ်ယောက် ငါးပစ်ချထားသည့် နေရာကို သွားကြတယ်။ မြစ်ကိုရောက်မှသူတို့ပါလာတာကို တွေ့တယ်ပေါ့။ ဆိုတော့ နှစ်ယောက်လုံးကို ရေကူးပြီးပြန်ကြလို့ ပြောတာပေါ့။ အဲဒီမှာ စက်လှေပိုင်ရှင်ကကျ ရေကူးပြီးလာတယ်။ အငှားသမားဖြစ်တဲ့ ကိုမောင်ဆန်းညွန့်က  မကူးဘူးပေါ့။ အဲဒီမှာ သေနတ်နဲ့ ပစ်လိုက်တယ်လို့ သိရတယ်။” ဟု ၎င်းက ဆိုသည်။

စက်လှေပိုင်ရှင် ဦးဇော်မင်းသိန်းမှာ အသက်ဘေးမှလွတ်မြောက်လာသော်လည်း အငှားသမားဖြစ်သည့် ကိုမောင်ဆန်းညွန့် (၃၆နှစ်)မှာ သေနတ်ပစ်ခံရပြီး သေဆုံးသွားခဲ့ကာ  အလောင်းကို ဖေဖော်ဝါရီလ ၉ ရက်နေ့ နေ့လယ် ၁၂နာရီလောက်တွင် တွေ့ရှိခဲ့ကြောင်း ထူးချေကျေးရွာသားများကဆိုသည်။

“စစ်သားတွေက စက်လှေရော၊ ပစ်တွေရောကို ယူသွားပါတယ်။ ကျနော်တို့က အလောင်းကိုပဲ ပြန်ရပါတယ်။ ”ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ယင်းစစ်သားနှစ်ဦးကို ရက္ခိုင့်တပ်တော် (AA)က ဖမ်းဆီးထားသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း မဇ္ဈိမ အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ရခိုင်ပြည်နယ်ရှိ စစ်ကောင်စီတပ်သားများမှာ ပြီးခဲ့သည့် နှစ်များတွင်လည်း မကြာခဏ တပ်ပြေးသူများရှိခဲ့ပြီး  ပြီးခဲ့သည့် ၂၀၂၂ခုနှစ်တွင်  စစ်ကောင်စီတပ်မှ ထွက်ပြေးသည့် တပ်ပြေးသူ အနည်းဆုံး ၅၀ ခန့်ရှိကြောင်း စစ်တပ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ 

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့မှာ အပစ်အခတ်ရပ်စဲလျက်ရှိနေသော်လည်း နှစ်ဖက်လုံးမှာ လက်နက်အင်အား၊ လူအင်အားဖြည့်တင်းခြင်းများကို လုပ်ဆောင်နေကြခြင်းဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required