PDF များအငြိုးအာဃာတမထားပဲ ဒေသဖွဲ့ဖြိုးရေး ဝိုင်းဝန်းဆောင်ရွက်ရန် ဓနုဒေသဦးစီးဥက္ကဌပြောကြားချက် အကြောက်လွန်ကာပြောခြင်းဟု တော်လှန်ရေးအင်အားစုများ တုန့်ပြန်

By ရွှေနွယ်
10 February 2023
PDF များအငြိုးအာဃာတမထားပဲ ဒေသဖွဲ့ဖြိုးရေး ဝိုင်းဝန်းဆောင်ရွက်ရန် ဓနုဒေသဦးစီးဥက္ကဌပြောကြားချက် အကြောက်လွန်ကာပြောခြင်းဟု တော်လှန်ရေးအင်အားစုများ တုန့်ပြန်

မဇ္ဈိမ။   ။ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ  PDF များအနေဖြင့်   ဒေသဖွံ့ဖြိုးရေးအတွက် ဝိုင်းဝန်းလုပ်ဆောင်ပေးရန်နှင့် အငြိုးအာဃာတမထားကြရန် ဒေသဦးစီးအဖွဲ့ဥက္ကဌက ပြောကြားလိုက်ပြီး ယင်းပြောကြားချက်သည် PDFများ အားကောင်းလာမှုနှင့် လူထုတော်လှန်ရေးကို ကြောက်လန့်ကာပြောခြင်းဟု တော်လှန်ရေးအင်အားစုများက တုန့်ပြန်သည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) များနှင့်ပတ်သက်၍ ၎င်း၏ သဘောထားကို  ဦးအာကာလင်းက ဖေဖော်ဝါရီ ၈ရက်တွင် ပြောခြင်းဖြစ်သည်။

"ကိုယ့်ဒေသကိုယ် ချစ်ဖို့တော့လိုတာပေါ့။ အဓိကကတော့ ကိုယ့်ဒေသကိုတန်ဖိုးထားပြီး အတူတူဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်တယ်။ တစ်ဦးနဲ့တစ်ဦးအာဃာတတွေအငြိုးတွေနဲ့လုပ်နေမယ်ဆိုရင်တော့ဘယ်မှာမှအဆုံးသတ်နိုင်မှာမဟုတ်ဘူး" ဟုဦးအာကာလင်းက ဆိုသည်။

ဦးအာကာလင်းသည် စစ်ကောင်စီနှင့်ပူးပေါင်းပြီး စစ်ကောင်စီ၏အမူအကျင့်အတိုင်း အပြောသာကောင်း၍ လက်တွေ့တွင် ဒေသအကျိုးအတွက် မည်သည့်လုပ်ဆောင်ချက်မှ မရှိသလို လူထုတော်လှန်ရေးကို ကြောက်လန့်ကာ ယင်းသို့ဖွင့်ပြောခြင်းဟု  ဓနုဒေသတော်လှန်ရေးအင်အားစုများက တုန့်ပြန်ပြောကြားသည်။

" အခုဆိုရင် PDF တွေအားကောင်းလာပြီ။ သူတို့ နည်းမျိုးစုံ ထိန်းချုပ်ဖို့ကြိုးစားခဲ့တယ်။ မရလို့ အကြောက်လွန်ပြီး အခုလို ပြောနေတာ"ဟု ဓနုတိုင်းရင်းသားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

စစ်တပ်ကနိုင်ငံတော်အာဏာကိုသိမ်းယူပြီးနောက် ဓနုဒေသ၌ ပေါ်ပေါက်လာသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ဟန့်တားရန်အတွက်
ဦးအာကာလင်းက စစ်ကောင်စီတပ်ဖွဲ့ဦးဆောင်သည့် ဓနု Army ဖွဲ့ရန် ကြိုးစားခဲ့ကြောင်းသိရသည်။ ဒေသခံများက ပူးပေါင်းမှုမရှိသောကြောင့် အဆိုပါအစီအစဉ် မအောင်မြင်ခဲ့ဟု တော်လှန်ရေးအင်အားများကပြောသည်။

"ပထမသူဦးဆောင်ပြီးတော့မှ ဓနု Army ပေါ့။ သူ့အနေနဲ့ စစ်ကောင်စီရဲ့ ဓနု Army ဆိုပြီးသူဖော်ဆောင်တယ်ဗျ။မအောင်မြင်ဘူးပေါ့။ အခုကတော့ ပျူစောထီးသင်တန်းတွေအပတ်စဉ်မနည်းဘူးပေးနေတယ်။  ပေးပြီးသားလူတွေကိုလည်း ရွာတွေမှာဖြန့်ကျက်ထားတာရှိတယ်" ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

ထို့အပြင် ဓနုဒေသဦးစီးအဖွဲ့ဥက္ကဌ၏ အထက်ပါပြောကြားချက်သည် သူ၏ နိုင်ငံရေးအမြင်ကျဉ်းမှုနှင့် PDF များအားကြောက်လန့်ကာပြောကြားခြင်း
ဖြစ်ပြီး ယခုလူထုတော်လှန်ရေးသည် ဓနုဒေသတွင်သာမကဘဲ တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် စစ်အာဏာရှင်ကို အမြစ်ဖြတ်ရှင်းလင်းရမည့်တော်လှန်ရေးဖြစ်သည်ဟု ဓနုတိုင်းရင်းသားတစ်ဦးကပြောသည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ပင်းတယမြို့နှင့် ရွာငံမြို့တို့ပါဝင်သည်။ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့နှင့်ဥက္ကဋ္ဌ ဦးအာကာလင်းသည် စစ်ကောင်စီလက်အောက်ခံအဖြစ် လူထုတော်လှန်ရေးကို နည်းမျိုးစုံဟန့်တားနေသည်ဟု ဒေသခံများကပြောသည်။၎င်းသည် စစ်ကောင်စီမှပြုလုပ်သည့်အစည်းအဝေးပွဲများကို အမြဲလိုလို တက်ရောက်လေ့ရှိသူဖြစ်ပြီး ဦးအာကာလင်း၏ အစည်းအဝေးပွဲများ၊ ဘုရားထီးတင်ပွဲများနှင့် အလှူပွဲများမှအစ MRTV တွင် ထုတ်လွှင့်လေ့ရှိသည်ဟု သိရသည်။

စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ လက်ရှိအချိန်အထိ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းတွင် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံထားရသူ ၃၀၀ကျော်ရှိနေပြီး ၃၀ဦးထက်မနည်း ထောင်ဒဏ်ချမှတ်ခံထားရကြောင်းသိရသည်။ဓနုဒေသ၌ စစ်ကောင်စီတပ်ဖွဲ့များ၏သတ်ဖြတ်မှုကြောင့်သေဆုံးသူ ဆယ်ဦးထက်မနည်းရှိနေပြီး  ပုဒ်မ ၅၀၅ ထုတ်ခံထားရသူ ၂၅ ဦးရှိသည်ဟု ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံ၊ ပင်းတယမြို့များရှိ ဒေသကာကွယ်ရေးတပ်များသည် ရှမ်းပြည်တောင်ပိုင်းဒေသခံတော်လှန်ရေးတပ်ပေါင်းစု (SSLRU) တွင်ပါဝင်ကာ စစ်အာဏာရှင်တော်လှန်ရေး၌ ပါဝင်ဆောင်ရွက်လျက်ရှိသည်။ရှမ်းပြည်တောင်ပိုင်းဒေသခံတော်လှန်ရေးတပ်ပေါင်းစု (SSLRU) ကို ၂၀၂၂ ခုနှစ်အောက်တိုဘာလအတွင်းက Joe Phyu Guerrilla Force ၊ Ye-Ngan Urban Guerrillas ၊ Force 36 Ranger၊ Urban Task Force Aung Ban၊ Red Ants Guerrilla Force နှင့် Shan Yoma (SYW UGPDF)စသည့် တော်လှန်ရေးတပ်ပေါင်းစု ၆ ဖွဲ့ဖြင့် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ SSLRU သည် ကရင်နီတော်လှန်ရေးတပ်ပေါင်းစု(KRU) နှင့်မဟာမိတ်ဖွဲ့စည်းကာ ရှမ်းပြည်နယ်တောင်ပိုင်းဒေသတွင်သာမက ကရင်နီဒေသအတွင်း စစ်အာဏာရှင်တော်လှန်ရေးလှုပ်ရှားမှုများကိုလည်း လုပ်ဆောင်လျက်ရှိသည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required