စစ်တပ်နှင့် တရားစီရင်ရေးအား ဝေဖန်သူများကို ထောင်ဒဏ် ၅ နှစ် ချမှတ်နိုင်မည့် ဥပဒေကြမ်းကို ပါကစ္စတန် အစိုးရ ပြင်ဆင်နေ

By ANI
10 February 2023
စစ်တပ်နှင့် တရားစီရင်ရေးအား ဝေဖန်သူများကို ထောင်ဒဏ် ၅ နှစ် ချမှတ်နိုင်မည့် ဥပဒေကြမ်းကို ပါကစ္စတန် အစိုးရ ပြင်ဆင်နေ

ပါကစ္စတန်အစိုးရသည် ပါကစ္စတန်ပြစ်မှုဆိုင်ရာဥပဒေနှင့် ပြစ်မှုဆိုင်ရာကျင့်ထုံးကို ပြောင်းလဲမည့် ဥပဒေကြမ်းကို ပြင်ဆင်ထားပြီး ၎င်းတွင် ပါကစ္စတန်စစ်တပ်နှင့် တရားစီရင်ရေးကို ဝေဖန်သော မည်သူ့ကို မဆို ထောင်ဒဏ်  ၅ နှစ်အထိ ချမှတ်နိုင်မည့် ပြဋ္ဌာန်းချက်ကို ထည့်သွင်းထားကြောင်း Dawn သတင်းစာတွင် ဖော်ပြထားသည်။

အဆိုပါ ဥပဒေကြမ်းကို ပါကစ္စတန် တရားစီရင်ရေးနှင့် တရားဥပဒေ စိုးမိုးရေးဝန်ကြီးဌာနက စိစစ်ခဲ့ပြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့အား ပြည်ထဲရေးဝန်ကြီးဌာနက စတင်အကြံပေးခဲ့ခြင်းဖြစ်သည်။ မကြာသေးမီက စစ်တပ်နှင့် တရားရုံးများကို လူမှုမီဒီယာတွင် ဝေဖန်မှုများ ပြင်းထန်လာပြီးနောက် အဆိုပါ ဥပဒေကြမ်းကို ချပြလာခြင်းဖြစ်သည်။

အဆိုပါ ဥပဒေကြမ်းအား အစိုးရအဖွဲ့ထံ မကြာမီ ပေးပို့သွားမည်ဟု ပါကစ္စတန်ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။ ဥပဒေကြမ်းတွင် ၂၀၂၃ ခုနှစ် ပြစ်မှုဆိုင်ရာဥပဒေများ (ပြင်ဆင်ချက်) အက်ဥပဒေ ခေါင်းစဉ်ဖြင့် ပုဒ်မ ၅၀၀ (က) အသစ်ကို ထည့်သွင်း အကြံပြုထားသည်။ ပြဋ္ဌာန်းချက် အသစ်တွင် နိုင်ငံတော်အဖွဲ့အစည်းများအား ရည်ရွယ်ချက်ရှိရှိဖြင့် သရော်ခြင်း သို့မဟုတ် ဝေဖန်ပြစ်တင်ခြင်း  ဟု ခေါင်းစဉ်တပ်ထားသည်။

တရားစီရင်ရေး၊ လက်နက်ကိုင်တပ်ဖွဲ့ သို့မဟုတ် တပ်ဖွဲ့ဝင်များကို သရော်ရန် သို့မဟုတ် ဝေဖန်ပြစ်တင်ရန် ရည်ရွယ်ချက်ဖြင့် သတင်းရေးသားခြင်း၊ ထုတ်ဝေခြင်း သို့မဟုတ် ဖြန့်ဝေခြင်းလုပ်ဆောင်သူ မည်သူမဆို ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်နိုင်သည့်ပြစ်ဒဏ် သို့မဟုတ် ပါကစ္စတန် ရူပီးဒဏ်ငွေ ၁ သန်း သို့မဟုတ် ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်နိုင်သည်ဟု  ဥပဒေကြမ်းတွင်ဖော်ပြထားသည်။

ပြဋ္ဌာန်းချက် အသစ် ပုဒ်မ ၅၀၀ (က) ပြစ်မှုသည် အာမခံပေး၍မရသည့်အပြင် ဝရမ်းမပါဘဲ ဖမ်းဆီးနိုင်သလို    ကျေအေးပေး၍ မရသော ပြစ်မှု ဖြစ်သည်။ ပြစ်မှုကျူးလွန်သူသည် ဖမ်းဆီးခံမှုအတွက် တရားရုံးတွင် လျှောက်လဲချက် လျှောက်ထားနိုင်သည်ဟု ဆိုသည်။

ပါကစ္စတန်တွင် တရားစီရင်ရေးနှင့် လက်နက်ကိုင်တပ်ဖွဲ့များ အပါအဝင် အချို့သော ပြည်နယ်အဖွဲ့အစည်းများအပေါ် ဝေဖန်ပြစ်တင်၍ ပြင်းထန်သော တိုက်ခိုက်မှုများစွာ ရှိခဲ့ကြောင်း အစိုးရအဖွဲ့ ထုတ်ပြန်ချက်ကို Dawn  သတင်းစာက ဖော်ပြထားသည်။ 
ယင်းကဲ့သို့ ထိုးနှက်တိုက်ခိုက်မှုများသည် ပါကစ္စတန် နိုင်ငံတော်အဖွဲ့အစည်းများ၏ ဂုဏ်သိက္ခာ၊ တည်ငြိမ်မှုနှင့် လွတ်လပ်ရေးကို ပျက်ပြားစေရန် ရည်ရွယ်ကြောင်း Dawn က ဖော်ပြသည်။  

တရားရေးနှင့် စစ်တပ်မှ တာဝန်ရှိသူများသည် ယင်းကဲ့သို့  မီဒီယာများပေါ်တွင် ရိုင်းစိုင်းသော ဝေဖန်ပြစ်တင်သော ရေးသားချက်များကို အားပေးခြင်း ငြင်းဆိုခြင်းများ လုပ်ပိုင်ခွင့်မရှိပေ။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly