လုံခြုံရေးကို ရှေရှုပြီး ဖိလစ်ပိုင်သမ္မတ ဂျပန်သို့ သွားရောက် 

By Aljazeera 
08 February 2023
လုံခြုံရေးကို ရှေရှုပြီး ဖိလစ်ပိုင်သမ္မတ ဂျပန်သို့ သွားရောက် 

ဖိလစ်ပိုင်နှင့် ဂျပန်နိုင်ငံကြား နီးကပ်သော လုံခြုံရေးဆက်ဆံမှုကို လမ်းကြောင်းဖွင့်နိုင်ရေး မျှော်လင့်ချက်ဖြင့် ဖိလစ်ပိုင် သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာသည် ဂျပန်နိုင်ငံသို့ သွားရောက်ပြီ ဖြစ်သည်။ 

ဖိလစ်ပိုင်၌ အမေရိကန်အား စစ်စခန်းများ ပိုမို တပ်ချနိုင်ရေးကို ခွင့်ပြုသော သဘောတူညီချက်တစ်ရပ်အား မားကို့စ်က ပြီးခဲ့သည့် သီတင်းပတ်၌ လက်မှတ်ထိုးပြီးနောက် ယခု ဗုဒ္ဓဟူးနေ့၌ ဂျပန်ခရီးစဉ် ပထမဆုံး လာရောက်ခြင်းပဲ ဖြစ်သည်။ ပြီးခဲ့သည့်လအတွင်းကလည်း မားကို့စ်သည် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပြီး ယင်း ခရီးစဉ်၌ တရုတ်ဂုဏ်ရည်တူ သမ္မတ ရှီကျင့်ဖျင်အား ဖိလစ်ပိုင်အနေဖြင့် လွတ်လပ်သော နိုင်ငံခြားရေးမူဝါဒကို ဖော်ဆောင်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ 

မားကို့စ်သည် ဂျပန်နိုင်ငံ၌ ရှိစဉ် “နီးကပ်သော ကာကွယ်ရေး၊ လုံခြုံရေး၊ နိုင်ငံရေး၊ စီးပွားရေးနှင့် ပြည်သူချင်း ဆက်ဆံရေးတို့ လွယ်ကူချောမွေ့ရေး”ကို လိုလားလျက်ရှိကြောင်း ပြီးခဲ့သည့် သီတင်းပတ်က သတင်းစာရှင်းလင်းပွဲ၌ အာရှနှင့် ပစိဖိတ်ရေးရာ ဖိလစ်ပိုင် လက်ထောက်အတွင်းဝန် နေးလ် အမ်ပီရီယယ်က ပြောခဲ့သည်။ 

ယင်းသို့ လုံခြုံရေး အနီးကပ် ဆက်ဆံမှုကို ဂျပန်တွင်လည်း လိုလားနေပြီး ဂျပန်နိုင်ငံသည် တရုတ်အရေး စိုးရိမ်ပူပန်မှုများ ရှိနေသော နိုင်ငံများနှင့် နက်ရှိုင်းသော လုံခြုံရေးဆက်ဆံမှု ရှိထားသည်။ 

“ဖိလစ်ပိုင်နဲ့ အမေရိကန် ဆက်ဆံရေး နက်ရှိုင်းမှုရှိနေချိန်မှာ ဒေသတွင်းလုံခြုံရေးအတွက် အရေးကြီးတာက ဂျပန်ပါ ပါဝင်ဖို့ပါပဲ”ဟု ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရိုက်တာသို့ ပြောသည်။ မီဒီယာသို့ ပြောဆိုခွင့် မရှိခြင်းကြောင့် ၎င်းက အမည်မဖော်ရန် တောင်းဆိုသည်။ 

“ဂျပန်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဆက်စပ်အကျိုးစီးပွားများ”ကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က ဂျပန်သို့ မထွက်ခွာမီ အကြိုမိန့်ခွန်း၌ မားကို့စ်က ပြောသည်။ 

“ကျွန်တော်ရဲ့ ဂျပန်နိုင်ငံ ခရီးစဉ်ဟာ မုချလိုအပ်တာ ဖြစ်ပါတယ်၊ စိန်ခေါ်မှုတွေရှိနေတဲ့ ကမ္ဘာ့အခင်းအကျင်းကြားမှာ ဒေသတွင်း အဓိကနိုင်ငံတွေနဲ့ နိုင်ငံရေး ဆက်ဆံမှု၊ အားကောင်းတဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုတွေအပြင် စီးပွားရေး မိတ်ဖက်ပြုနိုင်မှုတွေ ပါဝင်တဲ့ နိုင်ငံခြားရေးမူဝါဒရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်”ဟု ၎င်းက ပြောခဲ့သည်။ 

မားကို့စ်နှင့် ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါတို့သည် လူသားချင်း စာနာထောက်ထားရေး အကူအညီပေးရေး၌ ပူးပေါင်းဆောင်ရွက်မှုများကို လွယ်ကူစေမည့် သဘာဝဘေး ကူညီရေး သဘောတူညီချက်တစ်ရပ်အား လက်မှတ်ထိုးရန် မျှော်လင့်ရကြောင်း The Japan Times သတင်းက ဖော်ပြထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required