ထိုင်းအစာငတ်ခံဆန္ဒပြသူများ သီတင်း ၃ ပတ် ရှိလာ၍ အားနည်းလာ 

ထိုင်းအစာငတ်ခံဆန္ဒပြသူများ သီတင်း ၃ ပတ် ရှိလာ၍ အားနည်းလာ 

ထိုင်းဘုရင့်တိုင်းပြည်၏ ပြင်းထန်သော တော်ဝင်အသိုင်းအဝိုင်း စော်ကားမှုဖြင့် ဖမ်းဆီးထားသော ဆန္ဒပြသူနှစ်ဦးသည် အစာငတ်ခံ ဆန္ဒပြလျက်ရှိသည်မှာ သီတင်းသုံးပတ်နီးပါး ရှိလာ၍ အလွန်အမင်း အားနည်းလာလျက် ရှိနေပြီဟု ဆေးရုံ၏ တနင်္လာနေ့က ထုတ်ပြန်ချက်အရ သိရသည်။ 

ထိုင်းနိုင်ငံ၏ တော်ဝင်ဥပဒေများကို ဖျက်သိမ်းရန်အပြင် အခြားသော တရားရေးရာ အပြောင်းအလဲများ လုပ်ဆောင်ရန် ထောက်ကူပြုကြရေးအတွက် နိုင်ငံရေးပါတီများအား တိုက်တွန်းရင်း ဆန္ဒပြအမျိုးသမီးများ ဖြစ်ကြသည့် တန်တာဝန် တူယာတူလာနွန်နှင့် အိုရာဝန် ပျူပေါင်တို့က အစားအစာနှင့် ဖျော်ရည်အများစုကို ငြင်းဆန်နေသည်မှာ ရက် ၂၀ ကြာမြင့်ပြီ ဖြစ်သည်။  

ဘုရင် မဟာ ဝါဇီရလောင်ကွန်းနှင့် ၎င်း၏ နီးစပ်သော မိသားစုများကို ကမ္ဘာ၌ အတင်းကျပ်ဆုံး တော်ဝင်အသရေဖျက်မှု ဥပဒေများဖြင့် ကာကွယ်ပေးထားခြင်း ဖြစ်သည်။ ထို ဥပဒေပုဒ်မများသည် ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်ပြီး ပြည်သူများ၏ ဆွေးနွေးပြောဆိုမှုများကို နှိပ်ကွပ်ရန် ယင်း ဥပဒေများကို တလွဲသုံးနေသည်ဟု လူ့အခွင့်အရေး လှုပ်ရှားသူများက ပြောကြသည်။ 

အသက် ၂၁ နှစ်ရှိ တန်တာဝန်နှင့် ၂၃ နှစ်ရှိ အိုရာဝန်တို့သည် သတိကောင်းနေဆဲ ဖြစ်သော်လည်း အားနည်းလာပြီဟု သမ်မာဆတ်တက္ကသိုလ်ဆေးရုံက တနင်္လာနေ့ အစောပိုင်း ဖေ့ဘုတ်ထုတ်ပြန်ချက်၌ ပြောထားသည်။ 

“ကျောက်ကပ်လို အဓိက အင်္ဂါအစိတ်အပိုင်းတွေဟာ အလုပ်လုပ်တာ စပြီး နှေးလာပြီ”ဟု ဆေးရုံမှ ညွှန်ကြားရေးမှူး ပါရူဟတ်က သတင်းထောက်များအား တနင်္လာနေ့တွင် ပြောသည်။ 

“သူတို့က ဆရာဝန်တွေနဲ့ လာရောက်ကြသူတွေနဲ့ ပြောဆိုဆက်ဆံနိုင်သေးတယ်၊ အခြေအနေ ဆိုးလာပေမဲ့ အသည်းအသန်တော့ မဟုတ်သေးဘူး”ဟု ၎င်းက ပြောသည်။ 

ဆန္ဒပြသူနှစ်ဦးက ဖျော်ရည်သောက်ရန် သဘောတူလာကြောင်း တနင်္လာနေ့ ညနေပိုင်း နောက်ထပ် ထုတ်ပြန်ချက်၌ ဆေးရုံက ပြောထားသည်။ 

၂၀၂၂ အစောပိုင်းက ဘန်ကောက်ရှိ ဆန္ဒပြမှုနှစ်ရပ်၌ ၎င်းတို့အား တော်ဝင်အသိုင်းအဝိုင်း အသရေဖျက်မှုဖြင့် ဖမ်းဆီးတရားစွဲဆိုထားခြင်း ဖြစ်သည်။ ၎င်းတို့နှစ်ဦးမှာ တစ်ဦးမှာ ကုလသမဂ္ဂ အဆောက်အအုံ၌ ဆန္ဒပြမှုနှင့် နောက်တစ်ဦးမှာ ရှော့ပင်းမောလ်တစ်ခုတို့တွင် ဆန္ဒပြမှုတို့ဖြင့် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ထိုင်းလူ့အခွင့်အရေးဆိုင်ရာ ရှေ့နေများအဖွဲ့ TLHR အရ သိရသည်။ 

နှစ်ဦးစလုံးသည် အာမခံ ရကြသော်လည်း အခြားသော ဖမ်းဆီးခံနိုင်ငံရေးသမားများနှင့် တသားတည်းရှိရန်အတွက် အာမခံကို ငြင်းဆန်ခဲ့ကြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required