ဖမ်းဆီးထားသည့် အာဖဂန်နိုင်ငံသား ၁၂၀ ကို ပါကစ္စတန် ပြန်လွှတ်ပေး

By ANI  
08 February 2023
ဖမ်းဆီးထားသည့် အာဖဂန်နိုင်ငံသား ၁၂၀ ကို ပါကစ္စတန် ပြန်လွှတ်ပေး

ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်ကြား ဆက်ဆံရေး ယိုယွင်းလာချိန်တွင် ပါကစ္စတန်အစိုးရက ဆင်းဒ်ပြည်နယ်တွင် ဖမ်းဆီးထားသည့် ထောင်နှင့်ချီသော အထောက်အထားမဲ့ အာဖဂန်နိုင်ငံသားများကို ပြန်လွှတ်ပေးပြီး ဖြစ်ကြောင်း Khaama Press သတင်းတွင် ဖော်ပြထားသည်။

ပါကစ္စတန်နိုင်ငံ၊ အစ္စလာမာဘတ်မြို့ရှိ တာလီဘန်အစိုးရ၏ အာဖဂန်သံရုံးက ဆင်းဒ်ပြည်နယ်တွင် ယခင်က အကျဉ်းချခံထားရသော အာဖဂန်နိုင်ငံသား ၁၂၀ ကို ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ ထိန်းသိမ်းခံထားရသည့် အာဖဂန်နိုင်ငံသား ၁၃၀ ခန့်ကို ဖေဖော်ဝါရီလ ၁ ရက်တွင် ပြန်လွှတ်ပေးခဲ့ကြောင်းနှင့် လာမည့်ရက်များတွင်လည်း အာဖဂန်နိုင်ငံသားများကို ထပ်မံလွှတ်ပေးသွားမည်ဟု တွစ်တာတွင် ရေးသားခဲ့သည်။

 
ပါကစ္စတန် အကျဉ်းထောင်များမှ အာဖဂန် ဒုက္ခသည် ၁ ၃၀၀ ကို ပြန်လွှတ်ပေးပြီးဖြစ်ကြောင်း အစောပိုင်းတွင် သံရုံးက ကြေညာခဲ့သည်။ ပါကစ္စတန် ရဲတပ်ဖွဲ့သည် အထူးစစ်ဆင်ရေးတစ်ခုအတွင်း ပါကစ္စတန်တစ်ဝန်းရှိ အမျိုးသမီးများနှင့် ကလေးသူငယ်များအပါအဝင် အာဖဂန်နိုင်ငံသား ၁ ၂၀၀ ကျော်ကို တရားဝင်နေထိုင်ခွင့် (ဗီဇာ) မရှိသောကြောင့် ဖမ်းဆီးခဲ့ပြီး ၎င်းတို့အား မကြာသေးမီက အကျဉ်းချထားခဲ့ကြောင်း Khaama Press သတင်းတွင် ဖော်ပြခဲ့သည်။

အထောက်အထားမဲ့ အာဖဂန်ဒုက္ခသည် ၁ ၅၀၀ နီးပါးသည် ပါကစ္စတန်ရှိ အကျဉ်းထောင်များတွင် ရှိနေသေးကြောင်း ပါကစ္စတန်ရှိ အာဖဂန်သံရုံးက အတည်ပြုခဲ့ပြီး ၎င်းတို့လွတ်မြောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ လက်ရှိတွင် ပါကစ္စတန်၌ တရားဝင် အာဖဂန်ဒုက္ခသည် ၁ ဒသမ ၃ သန်းခန့် နေထိုင်လျက်ရှိပြီး ထောင်ပေါင်းများစွာသော တရားမဝင် အာဖဂန် ရွှေ့ပြောင်းနေထိုင်သူများမှာလည်း ပါကစ္စတန်နိုင်ငံ ဒေသအသီးသီးတွင် နေထိုင်နေကြသည်ဟု ယူဆရကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ အစီရင်ခံစာကို ကိုးကား၍ အဆိုပါသတင်းတွင် ဖော်ပြထားသည်။

အစ္စလမ်မာဘတ်မြို့ရှိ အာဖဂန်နစ္စတန်သံရုံးမှ တာလီဘန် ယာယီသံရုံးတာဝန်ခံ (သံတမန်ကိုယ်စားလှယ်) ဆာဒါအာမက်ရှာကိဘ်က ပါကစ္စတန်တွင် နေထိုင်သည့် အာဖဂန်နိုင်ငံသားများအား ဖမ်းဆီးခြင်းကို ရပ်တန့်ရန် ပါကစ္စတန်အစိုးရကို တောင်းဆိုခဲ့ပြီးနောက် ယခုကဲ့သို့ ပြန်လွှတ်ပေးလာခြင်းဖြစ်သည်။ 
ပါကစ္စတန်တွင် အာဖဂန်နိုင်ငံသား ၁ ၀၀၀ ကျော် အကျဉ်းချခံနေရသည်ဟု ရှာကိဘ်က ပြောကြားခဲ့သည်။
ဖမ်းဆီးခံရသူများ၏ ဆွေမျိုးများက ၎င်းတို့ မိသားစုဝင်များသည် ပါကစ္စတန် အကျဉ်းထောင်များတွင် အခြေအနေ ဆိုးရွားနေကြောင်း ပြောကြားခဲ့သည်။

အာဖဂန်နိုင်ငံသားတစ်ဦးက "ကျွန်တော့်ရဲ့မိသားစုဝင်တွေကို ပါကစ္စတန်အစိုးရက ဖမ်းဆီးခဲ့တာ ၃ လရှိပါပြီ။ သူတို့ကို ပြန်လွှတ်ပေးဖို့ ပါကစ္စတန်အစိုးရကို တောင်းဆိုပါတယ်" ဟု ပြောကြားခဲ့သည်။

တာလီဘန်က အာဖဂန်နစ္စတန်ကို ယမန်နှစ်က သိမ်းပိုက်ပြီးနောက် အရပ်သားအများအပြားသည်  ခိုလှုံခွင့်ရရှိရန် နိုင်ငံအသီးသီးသို့ ထွက်ပြေးခဲ့ကြသည်။ အချို့သည် ခိုလှုံခွင့်ရရှိရန် ပါကစ္စတန်သို့ သွားခဲ့ကြသော်လည်း ပါကစ္စတန်သည် အာဖဂန်နစ္စတန် ရွှေ့ပြောင်းနေထိုင်သူများကို အလေးမထားဘဲ အရေးယူခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly