စီးပွားရေးကျဆင်းနေချိန်  ပါကစ္စတန်အစိုးရက လွှတ်တော်ကိုယ်စားလှယ်များ ဖွံ့ဖြိုးရေးရန်ပုံငွေကို ၃၀ ရာခိုင်နှုန်း တိုးပေး 

By ANI
08 February 2023
စီးပွားရေးကျဆင်းနေချိန်  ပါကစ္စတန်အစိုးရက လွှတ်တော်ကိုယ်စားလှယ်များ ဖွံ့ဖြိုးရေးရန်ပုံငွေကို ၃၀ ရာခိုင်နှုန်း တိုးပေး 

နိုင်ငံခြားငွေ ဆိုးဆိုးရွားရွား ပြတ်လပ်မှုနှင့် စီးပွားရေးအကျပ်အတည်း ကြုံတွေ့နေရသော်လည်း ပါကစ္စတန်အစိုးရသည် ပါလီမန်အမတ်များအတွက် ဖွံ့ဖြိုးရေးရန်ပုံငွေ ၃၀ ရာခိုင်နှုန်း တိုးပေးကာ ပါကစ္စတန် ရူပီး ၉၀ ဘီလီယံထုတ်ပေးရန် ညွှန်ကြားခဲ့ကြောင်း Dawn သတင်းဌာနက ဖော်ပြထားသည်။ 

ပါကစ္စတန် တရားလွှတ်တော်ချုပ် တရားသူကြီးများ၏ နိုင်ငံတစ်ဝန်းရှိ နေအိမ်များနှင့် အပန်းဖြေအိမ်ရာများ  ပြုပြင်ထိန်းသိမ်းရေးရန်ပုံငွေကိုလည်း ပါကစ္စတန် ရူပီး ၁ ဘီလီယံ နီးပါး ထပ်မံ တိုးမြှင့်ပေးရန် ဖေဖေါ်ဝါရီ ၁ ရက်က ပြုလုပ်သော အစိုးရအဖွဲ့၏ စီးပွားရေးညှိနှိုင်းရေးကော်မတီ (ECC) အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်။

ဘဏ္ဍာရေးဝန်ကြီး အစ်ဟဂ်ဒါ ဦးဆောင်ကျင်းပသည့် ECC အစည်းအဝေးတွင် မကြာသေးမီက နိုင်ငံရေး အုံကြွမှုအတွင်း သေဆုံးခဲ့ရသူများ၏ မိသားစုများအတွက် အကူအညီပေးရေးနှင့် ကိုယ်ဝန်စစ်ဆေးရာတွင် အသုံးပြုသည့် စမ်းသပ်ပစ္စည်းကို ၂၅ ရာခိုင်နှုန်း ဈေးမြှင့်တင်ရန် အတည်ပြုခဲ့ကြောင်း Dawn က ဖော်ပြခဲ့သည်။

ပါကစ္စတန်သည် ဘဏ္ဍာရေးနဲ့ စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပြီး နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ ပံ့ပိုးကူညီမှုကို လိုအပ်ကြောင်း  ပါကစ္စတန်ဝန်ကြီးချုပ် ရှဘက်ရှရစ်ဖ်က ဇန်နဝါရီ ၃၁ ရက်က ပြောကြားခဲ့သည်။

စီးပွားရေးကျဆင်းနေချိန်၌ လာမည့်လများတွင် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ ထောက်ပံ့ကြေး ရရှိမည့် ပါကစ္စတန်သည် အကျင့်ပျက်ချစားခဲ့သည့် အတိတ်ဖြစ်ရပ်ဆိုးထဲတွင် ဒုက္ခရောက်နေရကြောင်း Islam Khabar သတင်းတွင် ဖော်ပြထားသည်။ 
ပါကစ္စတန်သည် ကမ္ဘာ့ကြွေးမြီ အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ ခန့် ရှိပြီး  ယင်းအထဲမှ အမေရိကန်ဒေါ်လာ ၂၁ ဘီလီယံကို ယခုဘဏ္ဍာရေးနှစ်တွင် ပြန်ဆပ်ရမည် ဖြစ်သည်။ 

ပါကစ္စတန်သည် ၂၀၂၃ ခုနှစ်သို့ ရောက်ရှိလာချိန်တွင် အန္တရာယ်မကျရောက်အောင် သတိထားကာ အချိန်ဆွဲနေရင်းဖြင့် ကြွေးဟောင်းဆပ်ရန် အခြားသူထံမှ ချေးငွေယူပြီး အကြွေးသံသရာ လည်နေမည်သာဖြစ်ကြောင်း Islam Khabar သတင်းစာက ဖော်ပြခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly