ရာဘာခြံတစ်ခြံတွင် တူမီးသေနတ်တွေ့ရှိ၍ဟုဆိုကာ အမျိုးသား ၂ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး ပစ်သတ်

By ကိုရွှေမြိတ်
07 February 2023
ရာဘာခြံတစ်ခြံတွင် တူမီးသေနတ်တွေ့ရှိ၍ဟုဆိုကာ အမျိုးသား ၂ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး ပစ်သတ်

မဲဆောက်(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ရငဲကျေးရွာရှိ ရာဘာခြံ တစ်ခြံတွင် ယနေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက်ပိုင်းက အမျိုးသားသုံးဦးကို စစ်ကောင်စီတပ်ဖွဲ့က လာ ရောက်စစ်ဆေးပြီးနောက် ဖမ်းဆီးခေါ်ဆောင်သွားကာ နှစ်ဦးကို သေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်း ဒေသခံ များထံမှ သိရသည်။

သရက်ချောင်းမြို့နယ် ရငဲကျေးရွာရှိ ရာဘာခြံသို့ အင်အား ၂၀ နီးပါးရှိ စစ်ကောင်စီတပ်ဖွဲ့ ရောက်ရှိလာပြီး နေအိမ်အားဝင်ရောက်ရှာဖွေကာ တူမီးသေနတ်တစ်လက်တွေ့ရှိ၍ အမျိုးသားသုံးဦးကို ရိုက်နှက်ဖမ်းဆီး သွားကာ တစ်ဦးကိုပြန်လွှတ်ပေးခဲ့သော်လည်း ကျန်နှစ်ဦးမှာ လမ်းတနေရာတွင် ဦးခေါင်းကို သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးနေသည်ကိုတွေ့ရှိရသည်ဟု ဒေသခံများထံမှ သိရသည်။

ရငဲရွာခံတစ်ဦးက “အိမ်ပိုင်ရှင်ဖြစ်သူ ကိုပိုင်စိုးရဲ့နေအိမ်မှာ တူမီးသေနတ်တွေ့လို့ ဖမ်းခံရတာဖြစ်တယ်။ ဖမ်းဆီးခေါ်ဆောင်သွားပြီး သိပ်မကြာပါဘူး သေနတ်သံကြားရလို့ လိုက်ရှာရာမှာ အခုလို သေဆုံးနေတာ တွေ့ရတယ်”ဟု ပြောသည်။
စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်မှုကြောင့် သေဆုံးသူနှစ်ဦးမှာ အိမ်ရှင်ဖြစ်သူ ကိုပိုင်စိုး (၃၀နှစ်)နှင့် ကိုဖြိုးငယ်ဇော်(၂၃ နှစ်)တို့ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်သားများ၏ ဖမ်းဆီးပစ်ခတ်မှုကြောင့် သေဆုံးသူနှစ်ဦး၏ ရုပ်အလောင်းကို ကျန်ရစ်သူ မိသားစုဝင်များက ယနေ့ မွန်းလွဲ ၁ နာရီ အချိန်တွင် မီးသင်္ဂြိုဟ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly